အင်းဝ၊ ၈ ဒီဇင်ဘာ
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးစဉ်အခါက အင်းဝဒေသမှ လက်ရာမြောက် ယွန်းထမင်းချိုင့်ကြီးများကို အလေးထား မှာယူလေ့ရှိသည်။ ယွန်းထမင်းချိုင့်များကို မြန်မာ့ရိုးရာ သစ်စေးသရိုးကိုင်ပညာနှင့် ပေါင်းစပ်ကာ အနုပညာလက်ရာမြောက် ချိုင့်ကြီးများအဖြစ် ဖန်တီးရာ နိုင်ငံတကာခရီးသွား ဧည့်သည်များ သဘောကျသော မြန်မာမှုပစ္စည်းအဖြစ် တည်ရှိခဲ့သည်။ ထိုလက်ရာမြောက် ယွန်းထမင်းချိုင့် (ငါးဆင့်ချိုင့်) ကြီးများကို အင်းဝမြို့ ယပ်တန်းရပ် ယွန်းပညာရှင် ဦးချိုတူးက ပြုလုပ်ဖန်တီးပေးခဲ့ရသည်။
လက်ရာမြောက် ယွန်းထမင်းချိုင့်များ ပြုလုပ်ရောင်းချရာတွင် လုံးပတ် ၁၀ လက်မအရွယ် ငါးဆင့်ချိုင့်များ၊ လုံးပတ်တစ်ပေအရွယ်ရှိ ယွန်းချိုင့်များကို သစ်စေးသုတ်ပြီးသည်အထိ ပြုလုပ်ပေးရသည်။ သစ်စေးသုတ်ပြီး လုံးပတ်(၁၀)လက်မအရွယ် ယွန်းထမင်းချိုင့် တစ်လုံးလျှင် ငွေကျပ် ငါးသောင်း၊ လုံးပတ် တစ်ပေအရွယ်ရှိ ယွန်းထမင်းချိုင့် ငါးဆင့်ချိုင့် တစ်လုံးလျှင် ငွေကျပ်ခုနစ်သောင်းဖြင့် ဖောက်သည်ပေးရသည်။ အင်းဝမြို့ဟောင်း ယပ်တန်းရပ်မှ ပြုလုပ်သော ယွန်းထမင်းချိုင့်များကို မြန်မာမှုပစ္စည်းအရောင်းဆိုင်များက ဝယ်ယူကာ သစ်ဆေးသရိုးကိုင်ပညာဖြင့် ဇာတ်ကြီးဆယ်ဘွဲ့ပုံများ ပြုလုပ်အလှဆင်ကာ တန်ဖိုးမြင့်ရောင်းကုန်အဖြစ် ဖန်တီးရောင်းချကြသည်။
မြန်မာ့လက်မှုယွန်းအနုပညာသည် ခေတ်ဆက်ဆက် ဖြတ်သန်းမှုများနှင့်အတူ နည်းစနစ်သစ်များပါ ပေါင်းစပ်ကာ တဖြည်းဖြည်း တိုးတက်လာခဲ့သည်။ ရှေးခေတ်အခါက အနက်ထည် ယွန်းထည်အဆင့်မှ ညောင်ရမ်းခေတ် ရောက်သည့်ကာလတွင်က ညစ်ယွန်းထိုးအဆင့်အထိ တိုးတက်လာကြောင်း သိရသည်။ လက်ရှိကာလတွင် ယွန်းထည်ပစ္စည်းအမျိုးမျိုးကို ကညစ်ယွန်း၊ ရွှေစဝါယွန်း၊ သရိုးပန်းကြွယွန်း၊ မှန်စီရွှေချယွန်း၊ မံယွန်းတို့ကို ဒီဇိုင်းအမျိုးမျိုးပုံစံ အထွေထွေဖြင့် စိတ်ဝင်စားအောင် ပြုလုပ်လာနိုင်ခဲ့သည်။
မြန်မာ့ယွန်းအနုပညာ အထည်များ ပြုလုပ်ရာတွင် အခြေခံအားဖြင့် ခွေထည်၊ ရက်ထည်၊ ပုတ်ထည် ကြောင်လိမ်ထည်ဆိုသော ရက်လုပ်နည်းများဖြင့် ရက်လုပ်ကြသည်။ အများအားဖြင့် ပန်းကန်ပြား၊ ပန်းကန်လုံး၊ ပန်းအိုး၊ စဉ့်အိုး၊ လက်ဖက်အုပ်၊ ဆွမ်းအုပ်၊ ရေနွေးပန်းကန်လုံး၊ မင်္ဂလာအုပ်၊ ဇီးကွက်ရုပ်၊ ဆေးလိပ်ပြာခံခွက်တို့ကို ခွေထည်နည်းဖြင့်ပြုလုပ်ကြသည်။ ထမင်းချိုင့်၊ လင်ပန်း၊ ကလပ်၊ ကွမ်းအစ်၊ ဘိအစ်၊ သစ်သီးခြင်းယွန်းထည်များကို ရက်ထည်နည်းဖြင့် ပြုလုပ်ကြသည်။ ရေခွက်အမျိုးမျိုး၊ ကွမ်းအစ်အမျိုးမျိုးနှင့်အတူ လှပသော စီးကရက်ဘူးယွန်းထည်းများကို ပုတ်ထည်နှင့် ကြောင်လိမ်ထည် တွဲစပ်လုပ်ကိုင်ရကြောင်း သိရသည်။
တိမ်တမန်


