စလင်း ၊ ၉ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင်းရှိ ကျေးရွာလေးရွာမှ ကျေးလက်နေပြည်သူများ စိုက်ပျိုးထားသည့် သီးနှံများ လေလွင့်မှုနည်းပါးစေရန်၊ ရာသီမရွေး ထုတ်လုပ်သယ်ပိုးနိုင်ရန် နှင့် ဈေးကွက်သို့ ကုန်ကျစရိတ်သက်သာစွာ အချိန်မီတင်ပို့ရောင်းချနိုင်ရေးအတွက် ရည်ရွယ်၍ ကုန်ထုတ်လမ်း ၃ လမ်းနှင့် တံတားတစ်စင်း ဖောက်လုပ်လျက်ရှိကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးခိုင်က ပြောသည်။
ကုန်ထုတ်လမ်းဆောင်ရွက်ရာတွင် မကျီးစင်ကျေးရွာ၌ အရှည်ပေ ၄၆၂၀ ၊ အကျယ် ၁၀ ပေ၊ ထု တစ်ပေကိုးလက်မရှိ ကျောက်ရောမြေနှင့် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း၊ အုတ်ဖိုကန်ကျေးရွာ၌ အရှည်ပေ ၆၆၀ဝ ၊ အကျယ် ၁၂ ပေ၊ ထု တစ်ပေကိုးလက်မရှိ ကျောက်ရောမြေနှင့် မြေနီ ကျောက်စရစ် ခင်းခြင်းလုပ်ငန်း၊ ဆင်ကျုံးကျေးရွာ၌ အရှည်ပေ ၄၆၂၀ ၊ အကျယ် ၁၂ ပေ၊ ထု တစ်ပေကိုးလက်မရှိ ကျောက်ရောမြေနှင့် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ်တွင် Box Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ကုန်းသောင်ကျေးရွာ၌ အရှည်ပေ ၁၂၀ ၊ အကျယ် ၁၄ ပေ၊ အမြင့် ၂၀ ပေရှိ ဘေလီတံတားတည်ဆောက်ခြင်းလုပ်ငန်းတို့ကို ယခုဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၃၁၅ ဒသမ ၁၅ သန်း အသုံးပြုကာ တင်ဒါအောင်မြင်သော ကုမ္ပဏီများက နိုဝင်ဘာလ စတုတ္ထပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
``၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်သည့် ကုန်ထုတ်လမ်းတံတားလုပ်ငန်းများ ပြီးစီးပါက ကျေးရွာ ၄ ရွာနှင့် အနီးဝန်းကျင်က လယ်ယာစိုက်ပျိုးဧက ၂၈၈၈ ဧကကို အကျိုးပြုသွားမည်ဖြစ်ပါတယ်´´ဟု စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးခိုင်က ပြောပြသည်။
သူရိန်(မင်းဘူး)


