ပွင့်ဖြူ ၉ ဒီဇင်ဘာ      

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးပြုစု စောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေစွာ ကုသဆောင်ရွက်ပေးနိုင်ရေးအတွက် ယခင်မူလရှိ ဆေးရုံဟောင်း အဆောက်အဦအား အသစ်ပြန်လည် တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘတ်ဂျတ် ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၆၃၀၀ ဖြင့် တင်ဒါအောင်မြင်သည့်  မကွေးအောင်မင်း ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ် ဆေးရုံအုပ်ကြီး ဒေါက်တာသီသီအေး ထံမှ  သိရသည်။ 

အဆိုပါ ဆေးရုံကို အလျား  ၁၄၁ ပေ ၊ အနံ ၁၁၀ ပေ ၆ လက်မ ၊ အမြင့် ၁၃ ပေ အာရ်စီတစ်ထပ် အသစ်ပြန်လည် တည်ဆောက်ရာတွင် ယင်းဆေးရုံသည် ရေဝပ်ဧရိယာတွင် ပါဝင်သည့် အတွက် မိုးရာသီကာ ရေဝပ်မှုများ ကင်းဝေးစေရန် (Print Level) အမြင့် ၅ ပေ ထည့်သွင်း၍ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလဆန်းပိုင်းက စတင်တည်ဆောက်ခဲ့ရာ ယခုလဆန်းပိုင်းတွင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရ သည်။

ယခုအခါ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်ဆေးရုံအား ရာနှုန်းပြည့် အသစ်ပြန်လည် တည်ဆောက်ပြီးစီးသွားပြီ ဖြစ်၍ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများကို ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ အဆင်ပြေစွာ  ဆောင်ရွက်ပေးသွားနိုင်တော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း က ပြောသည်။  

ရဲဝင်းနိုင် ( ပြန်/ဆက် )