သနပ်ပင်၊ ၉ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နှစ်(၁၀၀) ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒီဇင်ဘာ ၉ ရက် နံနက် ၈ နာရီတွင် လူစည်းကာရာနေရာများဖြစ်သော မြို့မဈေး၊ ယာယီပျံကျဈေး၊ ဆိုင်ကယ်ကယ်ရီဂိတ်၊ စသည့် နေရာများ၌ ပြည်သူများ လက်ဝယ်အခမဲ့ဖြန့်ဝေခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်တွင် ၂၀၂၀ ပြည့်နှစ် နှစ် (၁၀၀) ပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက် များ၊ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်များ၊ ၁၉၂၀ ပြည့်နှစ် ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်မှ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို ဆန့်ကျင်သပိတ်မှောက်ခဲ့သည့် ကျောင်းသား ကျောင်းသူများ၏ မှတ်တမ်းဓာတ်ပုံများ၊ အမျိုးသားအောင်ပွဲနေ့သမိုင်းကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ မိန့်ခွန်းကောက်နှုတ်ချက်များ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ် မှောက်ရန်သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ ဗြိတိသျှတို့ ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေ၊ မြင်းမူမောင်နိုင်မိုး၏ အမျိုးသားအောင်ပွဲနေ့ သန္နိဋ္ဌာန်ကဗျာတို့ ပါဝင်ပြီး တိုင်းရင်းသားအားလုံး အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားလာစေရန် ညီညွတ်မှုစွမ်းအားဖြင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် ရည်ရွယ်၍ ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။
လှမိုး(သနပ်ပင်)


