လွိုင်ကော်၊ ၉ ဒီဇင်ဘာ
လွိုင်ကော်မြို့နယ်အတွင်း လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်းလမ်းသုံးစွဲနေမှုများအား အရေးယူဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၈ ရက် မွန်းလွဲပိုင်းက လွိုင်ကော်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက အမှာစကားပြောကြားရာတွင် လွိုင်ကော်မြို့နယ် အတွင်းရှိ လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်းလမ်းသုံးစွဲနေမှုများအား တားဆီး ဆောင်ရွက်ခြင်းမရှိပါက နှစ်ပေါင်းများစွာကြာလာသည်နှင့်အမျှ ဖြေရှင်းရန်ခက်ခဲသွားနိုင်ကြောင်း၊ ခွင့်ပြုချက်မရှိသဖြင့် မြို့စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရာတွင်လည်းကောင်း၊ အုပ်ချုပ်ရေးပိုင်း ဆောင် ရွက်ရာတွင်လည်းကောင်း၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ရာတွင်လည်းကောင်း စသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေအရ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို လှပ်ထားခြင်းမပြုရန်၊ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခြင်းမပြုရန်၊ လယ်ယာမြေပေါ်တွင် လယ်ယာစိုက်ပျိုးမှုမှအပ ခွင့်ပြုချက်မရရှိသော အဆောက်အဦဆောက်လုပ်ခြင်း၊ အုတ်တိုင်း ခြံစည်းရိုးကာရံခြင်း စသည့် အခြားနည်းဖြင့် အသုံးပြုမှုများပြုလုပ်ခြင်းမပြုလုပ်ကြရန်နှင့် ယင်းကဲ့သို့ ဆောင်ရွက်ပါက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ လယ်ယာမြေပေါ်မှ နှင်ထုတ်ခြင်း၊ ဖယ်ရှားခြင်း၊ တရားစွဲဆိုခြင်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများကိုလည်း လယ်ယာမြေဥပဒေနှင့် စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအသိပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးက လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်းသုံးစွဲ နေမှုများအား အရေးယူဆောင်ရွက်သွားမည့်ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက် လာကြသူများက သိရှိလိုသည်များကို မေးမြန်းရာ တာရှိသူတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက လယ်ယာမြေဆိုင်ရာ အသိပေး တားမြစ်ချက် ဗီနိုင်းများအား လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လက်ဝယ် အရောက်ပေးအပ်ခဲ့ပြီး ပြည်သူများ မသိနားမလည်၍ မှားယွင်းစွာဆောင်ရွက်မှုမျိုး မဖြစ်စေရေး ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်းနှင့် တားမြစ်ချက်များကို လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)


