တနင်္သာရီ၊ ၉ ဒီဇင်ဘာ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်  တနင်္သာရီမြို့နယ်၊ သိန်ခွန်းကြိုးဝိုင်း၊ အကွက်အမှတ် (၅၃၂)နေရာ၌  နိုဝင်ဘာ ၂၂ ရက်က ယာလက်တွင်ဒဏ်ရာဖြင့် ဖမ်းဆီးရမိထားသော ရှားပါး တိရိစ္ဆာန်ကြံ့သူတော်(အမ) တစ်ကောင်ကို သက်ဆိုင်ရာသစ်တောဦးစီးဌာနသို့ လာရောက်အပ်နှံပေးသော မော‌တောင်မြို့-အမှတ်(၉)ကျေးရွာ၌ နေထိုင်သူ ဦးအောင်မိုးစိုး(ခ) ဦးအောင်အောင်(၂၈)နှစ်၊အား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်မှ လက်မှတ်ရေးထိုး၍ ချီးမြှင့်ပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို မြိတ်မြို့-ရှမ်းချောင်းရပ်ကွက်ရှိ သစ်တောပျိုးဥယျာဉ်အတွင်း ဒီဇင်ဘာလ၈ ရက် ည၆နာရီခွဲကပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ကိုယ်စား တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ကျေးဇူးတင်စကား ပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့သည်။

အဆိုပါ ကြံ့သူတော်(အမ)အား တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် တနင်္သာရီ သဘာဝသစ်တောကြိုးဝိုင်း စီမံကိန်းသို့ ပို့ဆောင်ပေးနိုင်ရန်အတွက် မြို့နယ်သစ်တော ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်သီဟဇော်မှဦးဆောင်၍ သစ်တောဝန်ထမ်းများ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှလက်ထောက်ကြီးကြပ်ရေးမှူး ဦးလင်းလင်းစိုးတို့လိုက်ပါပြီး ဒီဇင်ဘာလ ၈ ရက် နံနက် ၁၁ နာရီမှ စ၍ မောတောင်မြို့-အမှတ်(၉) ကျေးရွာမှတစ်ဆင့် မော်တော်ယာဉ်အတွင်း လှောင်အိမ်ဖြင့် သယ်ဆောင်လာကြရာ တနင်္သာရီမြို့ကိုဖြတ်၍ မြိတ်မြို့နယ် ရှမ်းချောင်း သစ်တောပျိုးဥယျာဉ်သို့ ညနေ ၆နာရီခန့် ရောက်ရှိသဖြင့် ကြံ့သူတော်အား လမ်းခရီးပင်ပန်းမှု မဖြစ်စေရေးအတွက် အနားပေးခြင်း၊ အပူချိန်တိုင်းခြင်း၊ ရေချိုးပေးခြင်း၊ လက်ဒဏ်ရာအား ဆေးထည့်ပေးခြင်း၊ ပတ္တီးစည်းပေးမှုများပြုစု ဆောင်ရွက်ဆောင်ရွက်ကြစဉ် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကြံ့သူတော်(အမ)သည် အလျား(၆ပေ)၊ လုံးပတ်(၆ပေ)၊ အမြင့်(၃ပေ-၇ လက်မ)နှင့် အမြီးက(၅လက်မ)အရွယ်ရှိပြီး၊ ညွှတ်ကိုင်းမိထား၍ ညာလက်တွင် ထိခိုက်ဒဏ်ရာရရှိထားစဉ် ဖမ်း ဆီးရမိခြင်းဖြစ်သည်။  ယင်းကဲ့သို့ ဒဏ်ရာရရှိထားပြီး ပုတ်ကာအရိုးပေါ်နေသည့် ညာလက်ဆစ်ကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒေါက်တာသန့်ဇင်ဦးက ထုံဆေးအသုံးပြု၍ ဒီဇင်ဘာလ ၁ ရက်နေ့က ဖြတ်ပစ်ကာဆေးကုသမှုများ ပြုလုပ်ခဲ့ရာ ယခုအခါကြံ့သူတော်မှာ အနာကျက်၍ ပြန်လည် ကျန်းမာလာပြီဖြစ်သဖြင့် ယခုကဲ့သို့ သယ်ယူပို့ဆောင်လာခြင်းဖြစ်ကြောင်း၊ ယခုည ၈ နာရီခွဲအချိန်တွင် မြိတ်မြို့မှရေဖြူမြို့နယ် တနင်္သာရီသဘာဝသစ်တော ကြိုးဝိုင်းစီမံကိန်းသို့ ဆက်လက်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း  တနင်္သာရီမြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်သီဟဇော် ထံမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(မြို့နယ်ပြန်/ဆက်)