ကြို့ပင်ကောက်၊ ၉  ဒီဇင်ဘာ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာ ရရှိရေးအတွက် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၇၁ ဒသမ ၄၅ သန်း အသုံးပြုကာ ကျေးရွာ ၁၄ ရွာ၌ သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသောက်သုံးရေများ ဖူလုံစွာရရှိရေးအတွက်  ဦးစာပေး ဆောင်ရွက်လျက်ရှိရာ ယခု ၂၀၂၀-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ကြို့ပင်ကောက်မြို့နယ်အတွင်း ကျေးရွာ ၁၄ ရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၇၁ ဒသမ ၄၅ သန်းဖြင့်  စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ၁၂ ခု၊ မြေသားရေကန် တိုးချဲ့ပြုပြင်ခြင်းနှင့် လက်နှိပ်တုံကင်တပ်ဆင်ခြင်းလုပ်ငန်း နှစ်ခု၊ ဂါလန်(၂၄၀၀)ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်းလုပ်ငန်းလေးခု၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းငါးခု၊ ဂါလန် ၂၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းသုံးခု၊ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်း ၁၂ ခုကို အကောင်အထည်ဖော်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတော့ အဆိုပါ လုပ်ငန်းများ အပ်နှံဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိကြောင်း ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအေး ပြောပြချက်အရ သိရသည်။

အဆိုပါ ကျေးလက်ရေပေးရေး လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၁၄ ရွာရှိ အိမ်ခြေ ၁၃၉၅ အိမ်၊ လူဦးရေ ၅၅၃၃ ဦးနှင့် ကျွဲ၊ နွားတိရစ္ဆာန်တို့အတွက် ရာသီမရွေးသောက်သုံးရေများ ဖူလုံစွာရရှိနိုင်မှာဖြစ်ကြောင်း သိရသည်။

ကျော်ဦး