ရန်ကုန်၊ ၉ ဒီဇင်ဘာ

ကိုဗစ်-၁၉ ကာလတွင် ပင်စင်စားအသက်အရွယ်ကြီးသူများ ပင်စင်ထုတ်ရက်၌ လူစုလူဝေးရှောင်ရှား နိုင်ရန်နှင့် မိမိတို့နေထိုင်ရာအနီးရှိ ငွေလွှဲပြောင်းထုတ်ယူနိုင်သော နေရာတို့မှ အချိန်ကုန်သက်သာ၊ လွယ်ကူစွာထုတ်ယူနိုင်ရန် ရန်ကုန်မြို့ အင်းစိန်မြန်မာ့စီးပွားရေးဘဏ်မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လစဉ် ၂၁ ရက်မှစ၍ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာထုတ်ရာ၌ လူစုလူဝေးဖြစ်ပေါ်မှုကို ရှောင်ရှားနိုင်ရန် အခြားသောရက်များတွင် လာရောက်ထုတ်ယူခြင်းဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေး ကို ဘဏ်များက တိုက်တွန်းလျက်ရှိသည်။ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စာအုပ်ဖြင့် ထုတ်ယူရာ၌ လစဉ်(ရုံးပိတ်ရက်မပါ) လဆန်း ၁ ရက်မှစ၍ ၁၈ ရက်ထိ စာအုပ်ထပ်ပြီး တုံကင်စာရွက်ထုတ်ပြီးမှသာ လစဉ် ၂၁ ရက်မှစ၍ ထုတ်ပေးလျက်ရှိသည်။ စာအုပ်ဖြင့် ထုတ်ယူသူများအနေဖြင့် ထိုရက်အတွင်း ထုတ်ယူနိုင်ခြင်းမရှိပါက နောက်လ ၁၁ ရက်နှင့် ၁၈ ရက်နေ့တို့တွင် ထုတ်ယူရန်နှင့် ထိုရက်များမှာ ရုံးပိတ်ရက်ဖြစ်ပါက အစောဆုံးရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 “သက်ကြီးရွယ်အိုတွေအတွက် မိမိနေရပ်ကနေ ပင်စင်လစာထုတ်ယူနိုင်အောင် ဆောင်ရွက်ပေးထား ပါတယ်။ အဓိက ဒီကာလမှာ ပင်စင်ထုတ်ရက် လူနည်းရင် သူတို့အနေနဲ့ ရောဂါကင်းဝေးပြီး ဘဏ်မှာ တန်းစီပြီး စောင့်ဆိုင်းနေရတာလည်း လျော့သွားမှာပါ။ သူတို့ကိုယ်တိုင် ဆောင်ရွက်ပေးမယ်ဆိုရင် ကျွန်တော်တို့အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ ဘဏ်ကိုမလာနိုင်တဲ့သူတွေကို ဘဏ်နဲ့ ကြိုတင်ဆက်သွယ်ပြီး Facebook ၊ Messenger ၊ Video Called ကြည့်ပြီးတော့ ကိုယ်စားလှယ်လွှဲစာနဲ့ ပင်စင်ထုတ်ပေးနေပါတယ်။ ပင်စင်ထုတ်သူအားလုံးကို ရောဂါကာကွယ်၊ ထိန်းချုပ်ရေးသတ်မှတ်ချက်နဲ့ အညီ ဆောင်ရွက်ပေးနေပါတယ်” ဟု အင်းစိန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မန်နေဂျာ ဦးထက်နိုင်က ပြောသည်။

လူစုလူဝေးဖြစ်ပေါ်မှုကို ရှောင်ရှားနိုင်ရန်နှင့် မသန်စွမ်းသူများ၊ သက်ကြီးပင်စင်စားများ အချိန်ကုန်သ က်သာပြီး လွယ်ကူစွာငွေထုတ်ယူနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်များက ATM ကတ်၊ Eassy-Pay ၊ Mytel Pay ၊ Wave Pay နှင့် ငွေစုဘဏ်စာရင်း/စာရင်းရှင်စာရင်းများသို့ လွှဲပြောင်း၍ ငွေထုတ်ယူနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

သန်းထိုက်၊ ဓာတ်ပုံ - သန်းစိုး