ဖျာပုံ၊ ၉ ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ရန်ကုန်မြို့မှ အလှူရှင်များက အလှူငွေ၊ PPE နှင့် အောက်စီဂျင် ဘူးများ လှူဒါန်းပွဲကို ဒီဇင်ဘာ ၈ ရက် မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန  အစည်းအဝေးခန်းမ၌  ကျင်းပသည်။

ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေက ဖျာပုံမြို့နယ်အနေဖြင့် Stay at Home မြို့နယ်ဖြစ်ခြင်းကြောင့် ပြည်သူများ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို စနစ်တကျ လိုက်နာကြစေရန်၊ Stay at Home ကို ပီပြင်စွာ အကောင်အထည်ဖော်ရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

အလှူရှင်များဖြစ်ကြသော ဦးမြဦး+ဒေါ်ခင်စန်းဝေ မိသားစုက လှူဒါန်းငွေကျပ် (၁၀)သိန်း၊ ရန်ကုန်စက်မှုတက္ကသိုလ် နွယ်တော်သွေးအဖွဲ့က (PPE)ဝတ်စုံ (၁၀၀)၊ အောက်စီဂျင်(၅)လုံးနှင့် Handgel (၂)ဖာတို့ကို ပေးအပ်လှူဒါန်း ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် နှာခေါင်းစည်း Mask ပြိုင်ပွဲတွင် ဆုရရှိသူအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လက်မှတ်ရေးထိုးထားသည့် Postcard ပေးအပ်ရာ အပြောင်ကျေးရွာနေ ဆုရရှိသူ ဒေါ်ယဉ်ယဉ်ဌေး က လက်ခံယူခဲ့ကြောင်း သိရသည်။

အောင်ဝင်းနိုင်(ခရိုင်ပြန်/ဆက်)