ပျဉ်းမနား ၊ ၉ ဒီဇင်ဘာ
နေပြည်တော် ဒက္ခိဏခရိုင် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် JEK ပညာဒါနသင်တန်းတို့ ပူးပေါင်း၍ ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟို ဌာန(Community Center)တွင် နွေရာသီ၌ ကလေးများအတွက် အင်္ဂလိပ်ဘာသာစကားနှင့် ဘက်စုံစွမ်းရည်ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်း များ ဖွင့်လှစ်သင်ကြားပေးနိုင်ရန် အကြိုညှိနှိုင်းဆွေနွေးပွဲကို ဒီဇင်ဘာ ၉ ရက် နံနက် ၈ နာရီတွင် ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Center)သင်တန်းခန်းမ၌ ကျင်းပသည်။
ထိုသို့ဆွေးနွေးရာတွင် နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမောင်မောင်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Center)သည် ပြည်သူအများဝင်ထွက် သွားလာပြီး ဗဟုသုတမျှဝေသည့် နေရာ တစ်ခုဖြစ်သည်နှင့်အညီ JEK ပညာဒါနသင်တန်းနှင့် ပူးပေါင်း၍ ၂၀၂၁ ခုနှစ် နွေရာသီတွင် ကလေးများ အတွက် အင်္ဂလိပ်ဘာသာစကားနှင့် ဘက်စုံစွမ်းရည်ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် သတ်မှတ်လမ်းညွှန်ချက်များနှင့် အညီဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ ကိုဗစ်-၁၉ အလွန်ကာလများတွင်လည်း ပျဉ်းမနား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Community Center တွင် အသိပညာ ပေးလုပ်ငန်းများဖြစ်သော စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများနှင့် ကွန်ပျူတာ(အခမဲ့)သင်တန်းများ စသည့် ပြည်သူဗဟိုပြု ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ JEK ပညာဒါနသင်တန်းအဖွဲ့ခေါင်းဆောင် ဦးတေဇာတွန်းက နွေရာသီတွင် Grade(6)၊ Grade(7)တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူများကို အင်္ဂလိပ်ဘာသာစကား အရေး၊ အပြော၊ အဖတ်သင်တန်း၊ စန္ဒယားတီး၊ ကျန်းမာရေးအက၊ စာရိတ္တနှင့် ပြည်သူ့နိတိ၊ ပန်းချီ၊ စာရွက်ခေါက်၊ ပုံပြော၊ ကွန်ပျူတာအခြေခံနှင့် သင်္ချာစွမ်းရည်ဖြင့် ပျော်စရာ ဂိမ်းကစားနည်းသင်တန်းများကို ဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် JEK ပညာဒါနသင်တန်းမှ ဆရာ၊ ဆရာမများက နွေရာသီ၌ ကလေးများအတွက် အင်္ဂလိပ်ဘာသာစကားနှင့် ဘက်စုံစွမ်းရည်ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းများ ဖွင့်လှစ် သင်ကြားပေးနိုင်ရေးနှင့် ပတ်သက်သည်များကို ဆွေးနွေးပြောကြားကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)


