ရန်ကုန်၊ ၉ ဒီဇင်ဘာ

 

နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စေတနာရှင်ပြည်သူများ စုပေါင်းကာ အနှေးယာဉ်လုပ်သားများနှင့် လမ်းဘေးဈေးသည်များအား ဆန်လှူဒါန်းသည့် အစီအစဉ်ကို ဒီဇင်ဘာ ၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်ရှိ သမိုင်းဘူတာ ခုံးကျော်တံတားအောက်၌ ပြုလုပ်သည်။

 

အဆိုပါ လှူဒါန်းမှုကို မရမ်းကုန်းမြို့နယ်အခြေစိုက် ကောက်ရိုးနွယ်လူမှုအကျိုးပြုအဖွဲ့က ဦးဆောင်ကာ ပြည်သူအချင်းချင်း “ပိုသူကပေး လိုသူကယူ” ခေါင်းစဉ်ဖြင့်ပြုလုပ်ခြင်းဖြစ်ပြီး  လှူဒါန်းမှုအနေဖြင့် အနှေးယာဉ်လုပ်သား ၇၀၀ နှင့် လမ်းဘေးဈေးသည် ၃၀၀ ဦးတို့အား တစ်ဦးလျှင် ဆန်သုံးပြည်နှုန်း ထောက်ပံ့လှူဒါန်းခဲ့သည်။

 

လှူဒါန်းမှုနှင့်ပတ်သက်၍ ကောက်ရိုးနွယ် လူမှုအကျိုးပြုအဖွဲ့ ဥက္ကဋ္ဌ ဦးသောင်းစိန်က “စေတနာရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ ကိုဗစ်ကာလမှာ အခက်အခဲဖြစ်နေတဲ့ အခြေခံလူတန်းစားပြည်သူတွေ အထောက်အကူရအောင် လှူဒါန်းတာပါ။ အမျိုးသားနေ့ အထိမ်းအမှတ်အနေနဲ့ ပြုလုပ်တာပါ။ ရှေ့ပိုင်းကာလတွေမှာလည်း အခုလိုလှူဒါန်းမှုတွေ လုပ်ခဲ့ပါတယ်။ လာမယ့် လွတ်လပ်ရေးနေ့မှာလည်း အခုလိုလှူဒါန်းသွားဖို့ စီစဉ်ထားပါတယ်” ဟု ပြောသည်။

 

အနှေးယာဉ်လုပ်သား ကိုမောင်က “ကိုဗစ်ကာလဆိုတော့ အခက်အခဲတွေအများကြီး ရှိတယ်။ အခုလို လှူဒါန်းပေးမှုတွေဟာ ကျွန်တော်တို့လို အခြေခံလူတန်းစားတွေအတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်” ဟု ပြောသည်။

 

အဆိုပါ လူမှုအကျိုးပြုအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားသည့် အချိန်မှစတင်ကာ အခြေခံလူတန်းစားပြည်သူများ၏ စားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ထိုသို့လှူဒါန်းမှုများ ပြုလုပ်လျက်ရှိရာ ယနေ့လှူဒါန်းမှုမှာ ခြောက်ကြိမ်မြောက် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး