ရန်ကုန်၊ ၉ ဒီဇင်ဘာ
နှစ် (၁၀၀) ပြည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ဒီဇင်ဘာ ၉ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကြားတောရလမ်းရှိ ဦးအရိယဝံသကျောင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကျန်းမာရေးလမ်းညွန်ချက်များနှင့်အညီ ကျင်းပသည်။
အခမ်းနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့နှင့် စပ်လျဉ်း၍ ဂုဏ်ပြုအဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းချုပ်ကို ပြောကြားပြီး မြို့မ ကျောင်းသား ကျောင်းသူဟောင်းအသင်း ဒုတိယဥက္ကဋ္ဌ(၁) ဒေါက်တာမြင့်တိုးက အမျိုးသားအောင်ပွဲနေ့ ကျင်းပရခြင်းနှင့် အမျိုးသားရေးကျောက်တိုင် မွမ်းမံပြင်ဆင်ဖွင့်လှစ်ရခြင်းအတွက် ဂုဏ်ပြုဝမ်းမြောက် စကားပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အောင်စည်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက အထိမ်းအမှတ် ရွှေမောင်းကိုတီး၍ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဧည့်သည်တော်များနှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများက အမျိုးသားရေးအတွက် ဆောင်ရွက်ခဲ့သော ကျောင်းသားကြီး (၂၆) ဦး၏ အထိမ်းအမှတ် ကျောက်တိုင်ရှေ့တွင် မေတ္တာပို့အမျှပေးဝေ ဂါရဝပြုကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဦးအရိယဝံသကျောင်းတိုက် ဆရာတော် ဦးစန္ဒိမာအား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
သတင်း-ကိုကိုဇော်
ဓာတ်ပုံ-ဇော်မင်းလတ်၊ အောင်မြင့်(ပြန်/ဆက်)


