စစ်ကိုင်း၊ ၉ ဒီဇင်ဘာ

 

စစ်ကိုင်းမြို့ ဘုရားဖူးရောက်သူတိုင်း အလေးထား သွားရောက်ဖူးမြော်သောဘုရားမှာ ကောင်းမှုတော် ဘုရားပင်ဖြစ်သည်။ ကောင်းမှုတော်ဘုရားသည် ထူးခြားပြီး စိတ်ဝင်စားဖွယ်ရာကောင်းသော စေတီပင်ဖြစ်သည်။ စေတီကို အင်းဝခေတ် ညောင်ရမ်းမင်းဆက် သိရိသုဓမ္မရာဇာ မဟာဓိပတိဘွဲ့ခံ သာလွန်မင်းကြီးက သက္ကရာဇ် ၉၉၈ ခုနှစ် တော်သလင်းလဆန်း (၁၀)ရက် တနင်္လာနေ့တွင် စတင်တည်ထားခဲ့သည်။ ဘုရားထီးမတင်မီ သာလွန်မင်း နတ်ရွာစံသည့်အတွက် သားတော်ပင်းတလဲမင်းက သက္ကရာဇ် ၁၀၁၁ ခုနှစ်  ကဆုန်လဆန်း (၈)ရက်နေ့တွင် ထီးတော်တင်လှူခဲ့သော စေတီပင်ဖြစ်သည်။

 

စေတီတော်မှာ ဉာဏ်တော် (၁၀၁)တောင်၊ ထီးတော် (၂၆)ပေ၊ စေတီလုံးပတ် (၈၈၀)ပေ၊ အချင်း (၂၈၀)ပေ (၉)လက်မရှိသည်။ စစ်ကိုင်းကောင်းမှုတော်သို့ ရောက်သူတိုင်း ဘုရားကို ပတ်ကာဖူးမြော်ပြီးသည်နှင့် ထူးခြားသောကန်ဆီ သွားရောက်လေ့ရှိသည်။ ထိုကန်မှာ ကောင်းမှုတော်စေတီနံဘေးမှ ထူးခြားသော မေတ္တာကန်ပင်ဖြစ်သည်။ မေတ္တာကန် တည်ထားမှုနှင့် ပတ်သက်သော နောက်ခံသမိုင်းတွင် ကောင်းမှုတော်စေတီတည်ရန် မြေနေရာညွှန်ပြသူ သိကြားမင်း၏ မေတ္တာရပ်ခံချက်ကြောင့် စေတီတော်မြောက်ဘက်တွင် ရေကန်တူးဖော်ခဲ့ရာမှ မေတ္တာကန်ဟုတွင်ခဲ့ကြောင်း ဆိုထားသည်။

 

မေတ္တာကန်နှင့်ပတ်သက်၍ ရှေးအစဉ်အဆက်ကတည်းက ယုံကြည်မှုများစွာရှိကြသည်။ ထူးခြားသော မေတ္တာကန်မှာ အရှေ့အနောက် အလျား (၂၉၉)ပေ (၆)လက်မရှိသည်။ စစ်ကိုင်းကောင်းမှုတော်ရောက်သူတိုင်း မေတ္တာကန်ဘက်သို့သွားကာ ငါးစာကျွေးခြင်းများ လမ်းလျှောက်ကာ ကောင်းမှုတော်ဘုရားကို အဝေးမြင်ကွင်းမှ ဖူးမြော်ကြသည်။  ကောင်းမှုတော်ဘုရားဘေးမှ လှပစွာ တည်ရှိနေသော မေတ္တာကန်၏ ထူးခြားမှုကို ယနေ့တိုင်လက်ခံယုံကြည်ကာ စည်းကမ်းတကျ လိုက်နာကြကြောင်း သိရသည်။

 

စစ်ကိုင်းကောင်းမှုတော်နံဘေးမှ မေတ္တာကန်တွင် ထူးခြားချက်များမှာ အခါခပ်သိမ်း ရေမခန်းခြင်း၊ ရေပြင်တွင် သစ်ရွက်အမှိုက် ရေညှိတို့မရှိခြင်း၊ ရှေးခေတ်က တိုင်းပြည်အန္တရာယ် ကျရောက်လုချိန်တွင် ကန်ရေပြင်သည် ဆန်ဆေးရေကဲ့သို့ နောက်ကျိလာခြင်း၊ ကန်ရေကို အမင်္ဂလာကိစ္စများတွင် အသုံးပြုမိပါက ဘေးဥပါဒ်ကျရောက်တတ်ခြင်း၊ မယုံကြည်၍ ကန်တွင်းမှ ငါးလိပ်တို့ကို ဖမ်းယူစားသောက်ပါက သိသိသာသာ ဒုက္ခရောက်တတ်ခြင်း၊ ကန်ရေကို မျက်စဉ်းခက်မှု၊ သောက်သုံးမှုပြုပါက ရောဂါဝေဒနာသက်သာခြင်း၊ နှစ်ပေါင်း ၃၆၀ ကျော် ကြာမြင့်သော်လည်း ကန်ရေသည် နောက်ကျိပုပ်သိုးမှုမရှိခြင်းဆိုသော အချက်များပင်ဖြစ်သည်။ လက်ရှိကာလတွင် စစ်ကိုင်းကောင်းမှုတော်ရောက် ဘုရားဖူးများသည် ထူးခြားသော မေတ္တာကန်ကို အရောက်သွားကာ ငါးစာ လိပ်စာကျွေးခြင်းများ ပြုလုပ်ကာ ကုသိုလ်ယူလေ့ရှိကြသည်။  မေတ္တာကန်နံဘေးမှ ကောင်းမှုတော်ဘုရား အဝေးမြင်ကွင်းကို ဖူးမြော်သည့်နေရာတစ်ခုအဖြစ် ထင်ရှားသည်။

 

တိမ်တမန်