ပဲခူး၊ ၁၀ ဒီဇင်ဘာ
Korea Hanbeot Foundation မှ မသန်စွမ်းကလေးငယ်များအတွက် လှူဒါန်းသော ကလေးစီး Wheel Chair များနှင့် We Love Bago အဖွဲ့မှ လှူဒါန်းသည့် အလှူငွေများကို ဒီဇင်ဘာ ၉ ရက် မွန်းလွဲပိုင်းက We Love Bago အဖွဲ့သားများက ပဲခူးမြို့၊ မြို့ပေါ်ရပ်ကွက်အသီးသီးရှိ မသန်စွမ်းကလေးငယ်များ အတွက် အလှူရှင်ကိုယ်စား အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းကြသည်။
လှူဒါန်းမှုပြုရာတွင် အသက်(၁၀)နှစ်အောက် မသန်စွမ်းကလေးများအနေဖြင့် မိဘ၊ ညီအစ်ကိုမောင်နှမ များနှင့်အတူ သွားလာနိုင်စေရန်၊ မိသားစုတွင် ဝန်ပိုမဖြစ်စေရန်အတွက် တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်စေရန် ရည်ရွယ်၍ ပဲခူးမြို့ ရပ်ကွက်အသီးသီးရှိ ဆင်းရဲချို့တဲ့သော မိသားစုများမှ မသန်စွမ်း ကလေးများအပြင် သာသနာ့နွယ်ဝင် မသန်စွမ်းသီလရှင် ဆရာလေးများကိုလည်း လှူဒါန်းခဲ့ရာ စုစုပေါင်း ကလေးစီး Wheel Chair ၃၈ စီး ဖြစ်ကြောင်းသိရသည်။
ပဲခူးမြို့ ရပ်ကွက်အသီးသီးတွင် ဆင်းရဲချို့တဲ့သောမိသားစုများမှ မသန်စွမ်းကလေးငယ်များအတွက် Wheel Chair များ လိုအပ်ပါက ဆက်လက်လှူဒါန်းသွားမည်ဖြစ်ပြီး ပဲခူးမြို့ သီရိဟံသာခန်းမတွင် ဖွင့်လှစ်ထားရှိသော We Love Bago အဖွဲ့မှ ဦးငြိမ်းချမ်းအောင် ဖုန်း-၀၉၅၃၀၀၅၇၇နှင့် ဦးသိန်းထိုက်လင်း ဖုန်း-၀၉၂၅၀၁၁၁၈၈၃ တို့ထံ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)


