ချင်းရွှေဟော်၊ ၁၀ ဒီဇင်ဘာ

 

တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီက နေရပ်ပြန်ပြည်သူ ၂၂ ဦး ထပ်မံဝင်ရောက်လာခဲ့သည်။

 

အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ ၂၂ ဦးမှာ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁၁ ဦးဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ တစ်ဦး၊ မကွေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်မှ နှစ်ဦး၊ မြိုင်မြို့နယ်မှ နှစ်ဦး၊ ကရင်ပြည်နယ်၊ ဘားအံ မြို့နယ်မှ တစ်ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်မှ တစ်ဦး၊ သိန္နီမြို့နယ်မှ ကိုးဦး၊ ကွတ်ခိုင်မြို့နယ်မှ တစ်ဦး၊ နမ့်ဆန်မြို့နယ်မှ တစ်ဦးနှင့် ကွမ်းလုံမြို့နယ်မှ လေးဦးတို့ ဖြစ်ကြသည်။

 

ထိုသို့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ ၂၂ ဦးမှ ချင်းရွှေဟော်မြို့နှင့် ထိစပ်လျက်ရှိသည့် လားရှိုးခရိုင်၊  ကွမ်းလုံမြို့နယ်မှ နေရပ်ပြန်ပြည်သူ လေးဦးအား  ကွမ်းလုံမြို့နယ်မှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး အထကကျောင်းရှိ Quarantine Center သို့ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးခဲ့ကာ ကျန်ရှိသည့် အခြားမြို့နယ်များမှ နေရပ်ပြန်ပြည်သူ ၁၈ ဦးအား ချင်းရွှေဟော်မြို့၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းတွင် အသွားအလာကန့်သတ်စောင့်ကြပ်၍ သီးခြားထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာနမှ ၎င်းတို့အား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Rapid Test Kit ဖြင့် စစ်ဆေးခြင်းနှင့် ဓာတ်ခွဲနမူနာ Swab များ ရယူပြီး စစ်ဆေးနိုင်ရန် မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ဆက်လက်ပို့ဆောင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သိရှိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)