ရိခေါ်ဒါရ်၊ ၁၀ ဒီဇင်ဘာ
ချင်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ထောက်ပံ့သည့် မီးသတ်ရေသယ်ယာဉ်တစ်စီး ဒီဇင်ဘာ ၈ ရက် ညနေပိုင်းက ရိခေါ်ဒါရ်မြို့ နယ်မြေမီးသတ်စခန်းသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့ နယ်မြေမီးသတ်စခန်း၌ လက်ရှိတွင် မီးငြှိမ်းသတ်ယာဉ်တစ်စီးနှင့် ရေသယ်ယာဉ်တစ်စီးရှိပြီး ယခုထောက်ပံ့ပေးတဲ့ မီးသတ်ရေသယ်ယာဉ်နဲ့ဆိုရင် မီးသတ်ယာဉ် သုံးစီးရှိလာပါပြီ။ ယခု ရောက်ရှိတဲ့ မီးသတ်ရေသယ်ယာဉ်ဟာ ဂါလန် ၁၂၀၀ ဆံ့ ဒေါင်ဖန်းအမျိုးအစားဖြစ်ကြောင်း ရိခေါ်ဒါရ်နယ်မြေမီးသတ်စခန်းမှ စခန်းတာဝန်ခံ လက်ထောက်ဦးစီးမှူး ဦးလာလ်ရွတ်ထီးယန်း က ပြောပြသည်။
ရိခေါ်ဒါရ်မြို့သည် ရပ်ကွက်နှစ်ခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အမှတ်(၁)ရပ်ကွက်၌ အိမ်ခြေ ၂၃၁ အိမ်နှင့် အမှတ်(၂) ရပ်ကွက်၌ အိမ်ခြေ ၇၁၂ အိမ်ရှိကြောင်း၊ ရပ်ကွက်နှစ်ခုကြား အလှမ်းဝေးကာ နှစ်စဉ် အိမ်ခြေတိုးလာသည်နှင့်အမျှ ရပ်ကွက်နေပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရပ်ကွက်အတွင်း မီးဘေးအန္တရာယ် ကျရောက်ပါက အမြန်ဆုံးငြှိမ်းသတ်နိုင်ရန်အတွက် ချင်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့တွင် အမှတ်(၁)ရပ်ကွက်ရှိ နယ်မြေမီးသတ်စခန်း၌ မီးသတ်ဝန်ထမ်း ရှစ်ဦး၊ မီးငြှိမ်းသတ်ယာဉ် တစ်စီးနှင့် ရေသယ်ယာဉ်တစ်စီး ထားရှိပြီး အမှတ်(၂)ရပ်ကွက် မီးသတ်စခန်းခွဲ၌ မီးသတ်ဝန်ထမ်းနှစ်ဦးနှင့် ရေသယ်ယာဉ် တစ်စီးဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လာလ်ပက်လောမ်(ပက်ကာ)


