ရန်ကုန်၊ ၁၀ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)၊ ဖျားနာဆောင်သို့ ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများနှင့် အလှူငွေများကို အလှူရှင်များက လာရောက် လှူဒါန်းခဲ့ကြသည်။
ထိုသို့လှူဒါန်းရာတွင် ဦးတင်ဝင်း-ဒေါ်သိန်းသိန်းဦး မိသားစုက Rivaroxaban ဆေး ငါးဘူး၊ ကွယ်လွန်သူ ဖခင်ကြီး ဦးသိန်းဇံအား ရည်စူး၍ ဒေါ်ဝင်းဝင်းမာနှင့် ဒေါ်လွင်လွင်မာတို့က Rivaroxaban ဆေး တစ်ဘူး၊ ဒေါ်အေးအေးမာနှင့် မောင်နှမများက 40L Oxygen Cylinder တစ်လုံးနှင့် ဦးစောတိတ်အိန်-ဒေါ်ခင်စမ်းမြင့် မိသားစုက အလှူငွေကျပ် တစ်သိန်းတို့ကို လှူဒါန်းရာ အင်းစိန်အထွေထွေ ရောဂါကု ဆေးရုံကြီးမှ တာဝန်ရှိသူများက လက်ခံရယူကြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်းတွင် ဖျားနာကုဆေးခန်း တစ်ခုနှင့် ကန့်သတ်စောင့်ကြည့်စင်တာ ခြောက်ခု ဖွင့်လှစ်ထားရှိပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတအသင်းစုံမှ Volunteers ၇၀ နှင့် လူနာတင်ယာဉ် ၁၃ စီးဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


