(၁၀-၁၂-၂၀၂၀ ရက်၊ တိုကျိုမြို့)

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) တားဆီးကာကွယ်ရေး အစီအမံများကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲများ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများအတွက် (၁၅) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) အား မြန်မာသံရုံး၊ တိုကျိုမြို့သည် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်သွယ်ညှိနှိုင်းစီစဉ်ပေးခဲ့ရာ အဆိုပါလေယာဉ်ပျံသန်းအမှတ်၊ NH 813 သည် ယနေ့ ၁၀-၁၂-၂၀၂၀ ရက်၊ ၁၁၃၅ နာရီတွင် တိုကျိုမြို့၊ နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ချောမောစွာ ထွက်ခွာသွားခဲ့ပါသည်။

(၁၅) ကြိမ်မြောက်ကယ်ဆယ်ရေးလေယာဉ်တွင် ဂျပန်နိုင်ငံသို့ ကာလတိုဗီဇာဖြင့် အလည်အပတ်လာရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံသို့ အချိန်မီပြန်လည်မထွက်ခွာနိုင်သူများ၊ ပညာတော်သင်များ၊ အလုပ်အကိုင် အခက်အခဲရှိသူများ၊ အလုပ်သင်သင်တန်းပြီးဆုံးသူများ၊ မှီခိုသူမိသားစုဝင်များနှင့် ဂျပန်နိုင်ငံဆိပ်ကမ်းများတွင် စောင့်ဆိုင်းနေသည့် သင်္ဘောသားများ စုစုပေါင်း (၁၅၇) ဦး လိုက်ပါသွားခဲ့ကြပါသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဂျပန်နိုင်ငံပညာရှင်/ ကျွမ်းကျင်သူဝန်ထမ်းများ စုစုပေါင်း (၂၀) ဦးတို့လည်း လိုက်ပါသွားကြပါသည်။

(၁၅) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသားများနှင့် မိသားစုများ အဆင်ပြေစွာ ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးမှ သံမှူးကြီးနှင့် သံရုံးဝန်ထမ်းများ၊ All Nippon Airways မှ ဝန်ထမ်းများနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများမှ လိုအပ်သည့် ပံ့ပိုးကူညီမှုများ စီစဉ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရပါသည်။

Crd - Ministry of Foreign Affairs Myanmar