ထားဝယ်၊ ၁၀ ဒီဇင်ဘာ
ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံခြင်းအတွက် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း ကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ထားဝယ်ဌာနခွဲ) ယဉ်ကျေးမှုပြတိုက်(ထားဝယ်)၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ရှေးဟောင်း ပစ္စည်းများ လှူဒါန်းမှုအတွက် ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ပွဲသည် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြု ယဉ်ကျေးမှုပြတိုက်(ထားဝယ်)တွင် ဒုတိယအကြိမ် ပေးအပ်ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မည်သည့်ဒေသ၊ မည်သည့်မြို့ဟောင်းကဖြစ်ဖြစ်၊ မည်သည့်နေရာကတွေ့ရှိလိုပဲဖြစ်ဖြစ် တွေ့ရှိလာသည့် ရှေးဟောင်းပစ္စည်းများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ သတင်းပို့ပေးအပ်ပြီး ယခုကဲ့သို့ တန်ဖိုးရှိ ပစ္စည်းများဖြစ်ပါက ဆုကြေးငွေများ ဂုဏ်ပြုပေးအပ်သွားမည်ဖြစ်ပါကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု ယဉ်ကျေးမှုပြတိုက်(ထားဝယ်)တွင် ကမ္ပည်းထိုးခင်း ကျင်းပြသ သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန တိုင်းဒေသကြီးတာဝန်ခံ ဦးခင်မောင်စိုးက ရှေးဟောင်းပစ္စည်းများ လှူဒါန်းခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ထားဝယ်မြို့နယ် ကြက်စားပြင်ရပ် မင်္ဂလာတံတားလမ်း အမှတ်(၄၄)နေ ဦးအောင်မျိုးသက်က ပျူခေတ်ကျောက်ပုတီးစေ့များ၊ အုတ်ပုတီးစေ့များ၊ မြေပုတီးစေ့များ၊ ရခိုင်ဒင်္ဂါးနှင့် မွန်ဒင်္ဂါးများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ အပ်နှံရာ တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။
ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန တိုင်းဒေသကြီးတာဝန်ခံ ဦးခင်မောင်စိုးက ဂုဏ်ပြုဆုငွေကျပ် ၆၄၃၅၀၀ ပေးအပ်ချီးမြှင့်ရာ အလှူရှင် ဦးအောင်မျိုးသက်က ကျေးဇူးတင်စကားပြောကြားပြီး တိုင်းဒေသကြီး လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်တို့ စုပေါင်းမှတ်တမ်းရိုက်ခဲ့ကြကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)


