တံတားဦး၊ ၁၀ ဒီဇင်ဘာ
ကျောက်ဆည်ခရိုင် တံတားဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများ အသုံးပြုရန်နှင့် လူနာစောင့်များ အသုံးပြုရန်အတွက် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီက ငွေကျပ်သိန်း ၃၀ ခန့်တန်ဖိုးရှိ Medical PPE ဝတ်စုံ ၁၅၀ လာရောက် လှူဒါန်းသည်။
အဆိုပါလှူဒါန်းပွဲသို့ တံတားဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏအောင်၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှဝင်းအောင်နှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြင့်ဦးတို့ တက်ရောက်ကြသည်။ လှူဒါန်းပွဲတွင် High Way Rest Camp-TadaU မန်နေဂျာက တံတားဦးမြို့ ပြည်သူ့ဆေးရုံသို့ ငွေကျပ်သိန်း ၃၀ ခန့် တန်ဖိုးရှိ Medical PPE ဝတ်စုံ ၁၅၀ ကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏအောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ မြို့နယ်ဆရာဝန်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အလှူရှင်များ လာရောက်လှူဒါန်းသည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို စနစ်တကျ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ရဲတင့်(ပြန်/ဆက်)


