သံတောင်ကြီး၊ ၁၀ ဒီဇင်ဘာ 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြိုနယ်၊ ဘောဂလိမြို့ ပြောင်သိုကျေးရွာအုပ်စုရှိ ပလက်၀တံတားဖွင့်ပွဲကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၉ နာရီခွဲက ကျင်းပရာ အမျိုးသား လွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း၊ ကရင်ပြည်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့်တာ၀န်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးသည်။

ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အမှာစကားပြောကြားပြီး ရွှေစွမ်းအင် ကုမ္ပဏီဒါရိုက်တာဦး‌ဇော်ဝင်းက တံတားတည်ဆောက်ခဲ့မှု အခြေအနေအား ရှင်းလင်းပြောကြားသည်။ 

ထို့နောက် ပလက်ဝတံတား သံတောင်-ပလက်ဝလမ်းပိုင်း၊ ရှောင်ကွင်းလမ်း၄(၁/၂)မိုင်နှင့် သက်ဆိုင် သည့် စာရွက်စာတမ်းများကို ရွှေစွမ်းအင်ကုမ္ပဏီမှ ဒါရိုက်တာဦးဇော်ဝင်းက ပေးအပ်ရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးထွန်းလင်းက လက်ခံရယူပြီး ဒေသခံပြည်သူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ 

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း ၊ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင် ထွေးမြင့် တို့က တံတားဖွင့်လှစ်ခြင်းအထိမ်းအမှတ် ကမ္ဗည်းကျောက်စာအား စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးသည်။ 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လျှပ်စစ်နှင့်စက်မှုဝန်ကြီးဦးစိုးလှိုင် ၊သံတောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက်၊ ရွှေစွမ်းအင်ကုမ္ပဏီမှတာဝန်ခံ ဦးဝင်းမောင် တို့က ပလက်ဝတံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးကာ ပလက်ဝတံတားကို ဖြတ်သန်းကြည့်ရှုကြသည်။

ယခင်က သံတောင်မြို့မှဘောဂလိမြို့သို့သွားရာတွင် ပလက်ဝချောင်းကိုဇက်ဖြင့်ကူးကာသွားလာခဲ့ရသည့် အတွက်အခက်ခဲများရှိခဲ့ပြီးယခုအချိန်တွင် တံတားတည်ဆောက်ပြီးဖြစ်ရာ ဘောဂလိမြို့ပေါ် နှင့်ကျေးရွာအုပ်စု (၁၅)အုပ်စု၊ကျေးရွာ (၈၂)ရွာအတွက်ဒေသထွက်ကုန်များ၊ ကုန်စည်စီးဆင်းမှုနှင့်ပြည်သူများသွားလာရေးအတွက် လွယ်ကူလျင်မြန်စေမှုများရှိကာ ဒေသခံပြည်သူများအတွက် လူမှုစီးပွားရေးဘ၀များဖွံဖြိုးတိုးတက် လာမည်ဖြစ်သည်။ 

အဆိုပါ ပလက်၀တံတားကို ရွှေစွမ်းအင်ကုမ္မဏီနှင့် Asia World Foundation တို့ ပူးပေါင်း တည်ဆောက်သည့် ကွန်ကရစ်သံဘောင်တံတားအမျိုးအစားဖြစ်ပြီး တံတား အရှည်(၇၉၈)ပေ ၊ အကျယ် (၃၀)ပေ၊ အမြှင့်(၁၂၃)ပေနှစ်လမ်းသွားဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)