ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင် လည်ပတ်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ပြည်သူကို ပညာပေးမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေး အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြ လိုက်ပါသည်။
အစီအစဉ်မှူး။ ။ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုမှာ အွန်လိုင်းပေါ်ကနေ လုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက်ကြမလဲ၊ အွန်လိုင်းပေါ်က အလုပ်အကိုင် အခွင့်အလမ်းတွေရဲ့ အလားအလာတွေနဲ့ ပြင်ဆင်သင့်တဲ့ အကြောင်းအရာတွေ နဲ့ပတ်သက်ပြီး ဆွေးနွေးသွားမယ့် ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အစီအစဉ်ကနေ ကြိုဆိုပါတယ်။
ဒီနေ့အစီအစဉ်မှာ ချိတ်ဆက်ကုမ္ပဏီလီမိတက်မှ CEO ဒေါ်ဟန်နီမြဝင်းနဲ့ MMtutors မှ Co-Founder & CEO ဒေါ်ဖူးပွင့်အိမ် တို့က ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ပထမဦးဆုံး မေးခွန်းအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ MERRP လို့ခေါ်တဲ့ စီမံကိန်းအသစ်ကို ဆောင်ရွက်ဖို့ရှိနေတယ်။ ဒီစီမံကိန်းအသစ်အထဲမှာ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး စီးပွား ရေးလုပ်ငန်းတွေကို အဓိက ဦးတည်ဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်းအရာတွေဖြစ်နေတော့၊ ဒီအထဲမှာ အခန်းကဏ္ဍ တစ်ခုအနေနဲ့ ပါဝင်နေတဲ့ အွန်လိုင်းပေါ်က အလုပ်လုပ်ခြင်းနဲ့ ပတ်သက်ပြီး ဒေါ်ဟန်နီမြဝင်းက ဆွေးနွေးပေးပါဦး။
ဒေါ်ဟန်နီမြဝင်း။ ။ အခုလို ဒစ်ဂျစ်တယ်ခေတ်မှာ လူတွေရဲ့ နေထိုင်မှုပုံစံတွေ ပြောင်း လဲလာတယ်။ အထူးသဖြင့် အခုလိုမျိုး ကပ်ရောဂါကျရောက်နေတဲ့အချိန်မှာ အလုပ်လုပ်တဲ့ ပုံစံတွေက သိသိသာသာကို ပြောင်းလဲလိုက်ရတာမျိုးတွေရှိပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ နည်းပညာကို အရင်ကထက် ပိုပြီးကျွမ်းကျင်လာအောင် လုပ်ရတယ်။ ကိုယ့်လုပ်ငန်းကို လူချင်းမတွေ့ရလည်း၊ ရုံးတွေ၊ ဆိုင်တွေ ပိတ်ထားရလည်း ဆက်လက်ရှင်သန် ကျန်နေရစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို အရင်ဆုံး ရင်ဆိုင်ဖြေရှင်း ရတယ်။ ဒီအခက်အခဲတွေ ဖြေရှင်းဖို့အတွက်ကို အွန်လိုင်းပေါ်ကနေ ချိတ်ဆက်ပြီး အပိုဝင်ငွေ ရှာတယ်ဆိုတာတွေ၊ လုပ်ငန်းရှင်တွေအနေနဲ့ဆိုရင် အမြဲတမ်းဝန်ထမ်း ငှားထားတာထက်စာရင် အွန်လိုင်းပေါ်ကနေ အလွတ်တမ်းပညာရှင်တွေကို ငှားရမ်းအသုံးပြု လုပ်ကိုင်ကြပါတယ်။ ဒီလို Gig Economy ကို “Future of Work” အလုပ်အကိုင်တွေရဲ့ အနာဂတ်လို့ တင်စားပြောဆိုပြီး နိုင်ငံတကာရော၊ အာရှနိုင်ငံတွေမှာပါ အထူးသဖြင့် ယခုလို ကပ်ရောဂါကာလအတွင်းမှာ အရှိန်အဟုန်နဲ့ ထိုးဖောက်လာတာမျိုးကို တွေ့ရပါတယ်။
Gig Economy ရဲ့ အားသာချက်တွေကို ပြောရမယ်ဆိုရင် အလုပ်ရှင်တွေနဲ့ အလုပ်လုပ် ကိုင်သူတွေအတွက် အများကြီးရှိပါတယ်။ ပထမဦးဆုံးအချက်အနေနဲ့ ဒါက Centralized မဟုတ်ပါ ဘူး၊ Distributed Workforce ဖြစ်တယ်။ ဖြန့်ကြက်ထားတဲ့ အလုပ်သမားအင်အား ဖြစ်တဲ့အတွက် နေရာ၊ ဒေသကွာဟချက်မျိုးတွေ မရှိဘူး။ ကိုယ့်အလုပ်က ရန်ကုန်မြို့မှာဖြစ်လို့ ဒီအနီးအနားမှာ နေထိုင်တဲ့သူတွေကို အလုပ်ခန့်ရမယ်ဆိုတာမျိုးတွေ မရှိဘူး၊ အွန်လိုင်းကဖြစ်တဲ့အတွက် နယ်မြို့က ဖြစ်လို့ မြို့ပေါ်ကိုတက်ပြီး အလုပ်ရှာရတယ်ဆိုတာမျိုးတွေလည်း ရှိမလာနိုင်တော့ဘူး။ အင်တာ နက်ရှိရုံနဲ့ လူတိုင်းက အိုးမကွာ၊ အိမ်မကွာ လွတ်လွတ်လပ်လပ် အလုပ်လုပ်နိုင်တယ်ဆိုတာက အားသာချက်တစ်ခု ဖြစ်ပါတယ်။
နောက်တစ်ခုက စရိတ်စက သက်သာမှုဖြစ်ပါတယ်။ အခုလိုမျိုး အကျပ်အတည်းကာလမှာ လုပ်ငန်းရှင်တွေအနေနဲ့ ရှေ့ဆက်အလုပ်တွေပြီးဖို့ဆိုရင် ဝန်ထမ်းအသစ်တွေခန့်ဖို့ အခက်အခဲတွေ ဖြစ်နေချိန်မှာ ကျွမ်းကျင်ပြီးသား အလွတ်တမ်းပညာရှင်တွေကို တစ်နေရာထဲမှာ ချိတ်ဆက်ပြီး လုပ်ငန်းပြီးတဲ့အထိ တာဝန်ပေးလိုက်တာက အများကြီးဝန်ပေါ့ပါတယ်။ အခုလိုအချိန်မျိုးမှာ ကိုယ်ပိုင်လုပ်ငန်းငယ်တွေ စတင်တည်ထောင်ဖို့အတွက်ဆိုရင် အလွတ်တမ်းပညာရှင်တွေရဲ့ အကူ အညီနဲ့ စွန့်စားလို့ရတဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးတာဖြစ်ပါတယ်။
ဒီလိုပဲ အလုပ်လုပ်ကိုင်တဲ့သူတွေဘက်က ကြည့်မယ်ဆိုရင် သွားလာစရိတ်တွေ၊ ဘတ်စ်ကား ပေါ်မှာ ပေးလိုက်ရတဲ့အချိန်တွေ ဒါမျိုးတွေ အများကြီးကို လျှော့ချနိုင်တာဖြစ်တဲ့အတွက် စရိတ် သက်သာတယ်လို့ ပြောလို့ရပါတယ်။ အလုပ်တစ်ခုထဲကိုပဲ အာရုံပိုစိုက်လာနိုင်တာမျိုးတွေ ရှိပါ တယ်။
နောက်ဆုံးတစ်ခု စိတ်ဝင်စားစရာကောင်းတဲ့အချက်က Gig Economy မှာ ဘယ်သူမဆို အင်တာနက်ရှိရုံနဲ့ အလုပ်လုပ်တာမျိုး ဖြစ်တဲ့အတွက် ပုံမှန်လုပ်ငန်းခွင်ထဲ ဝင်ရောက်ဖို့ ခက်ခဲတဲ့ သူတွေ၊ အိမ်မှာနေမှ အဆင်ပြေမယ့်သူတွေ (ဥပမာ - မသန်စွမ်းတွေ၊ အိမ်ထောင်ရှင်မတွေ) တစ်ပိုင် တစ်နိုင်နဲ့ အလုပ်လုပ်ဖို့အတွက်ကို အခွင့်အရေးအများကြီး ပေါ်ပေါက်လာပါတယ်။ အရင်ခေတ်က အိမ်မှာ ဖုန်းတစ်လုံးရှိတယ်ဆိုရင် ဒါက အိမ်ထောင်ဦးစီး အမျိုးသားတွေနဲ့ပဲ ဆိုင်တယ်။ နည်းပညာ ဆိုတာ အမျိုးသမီးတွေအတွက် အလွန်အလှမ်းဝေးတယ်ဆိုတဲ့ အတွေးအခေါ်တစ်ခုကနေ အခု Gig Economy ရဲ့ အကျိုးကျေးဇူးအနေနဲ့ ချိတ်ဆက်ကုမ္ပဏီလီမိတက်မှာရှိတဲ့ ဒေတာတွေအရ ပြန်ကြည့် မယ်ဆိုရင် အွန်လိုင်းပေါ်က အလွတ်တမ်းအလုပ်လုပ်ကိုင်နေတဲ့ အမျိုးသား၊ အမျိုးသမီး ရာခိုင်နှုန်းမှာ အမျိုးသမီးတွေက ပိုမိုများပြားတာကို စိတ်ဝင်စားဖွယ်တွေ့ရှိရပါတယ်။ တခြားအများကြီးရှိပါသေး တယ်၊ ဒါတွေက ထင်ရှားတဲ့ အားသာချက်တွေ ဖြစ်ပါတယ်။
အစီအစဉ်မှူး။ ။ အွန်လိုင်းပေါ်မှာ အများသောအားဖြင့် ဘယ်လိုအလုပ်အကိုင် အခွင့် အလမ်းတွေ ရရှိလာနိုင်သလဲ ဆိုတာကို ဒေါ်ဖူးပွင့်အိမ်က ဆွေးနွေးပေးပါဦး။
ဒေါ်ဖူးပွင့်အိမ်။ ။ အွန်လိုင်းကနေ လုပ်တယ်ဆိုတဲ့ အလုပ်အကိုင်တွေကို ဆွေးနွေး မယ်ဆိုရင် အကြမ်းဖျင်းအားဖြင့် နှစ်ခုခွဲလို့ ရပါတယ်။ အချိန်ပိုင်း အလုပ်လုပ်တာရှိတယ်၊ Project အလိုက် လုပ်သွားတာမျိုးတွေ ရှိတယ်။ အခုနောက်ပိုင်း ခေတ်စားတဲ့ အလုပ်အကိုင်တွေက လက်ရှိ မြန်မာနိုင်ငံမှာဆိုရင် အွန်လိုင်းကနေ Graphic Design လုပ်တာမျိုးတွေ၊ Application ရေးတာတွေ၊ ဘာသာ ပြန်အလုပ်တွေ အဲဒီလိုမျိုး အလုပ်အကိုင်တွေက လက်ရှိမှာပိုပြီး အလုပ်များကြတယ်။
ဒါ့အပြင် အချိန်ပိုင်းအနေနဲ့ ပြန်သွားမယ်ဆိုရင် အချိန်ပိုင်းဈေးကွက်ရှာဖွေတာမျိုးတွေ၊ အချိန် ပိုင်း စာသင်တာမျိုးတွေ ဒီလိုအလုပ်အကိုင်မျိုးတွေလည်း ရှိလာတယ်။ အွန်လိုင်းကနေ အလုပ်လုပ်တဲ့ အခါ ကွန်ပျူတာကျွမ်းကျင်ရမှာ ဖြစ်ပါတယ်။ ဒီဟာတွေ လုပ်တာမျိုး မဟုတ်ဘဲ ဘယ်လိုတွေ များလာပြီလဲဆိုရင် အွန်လိုင်းကနေပြီး ကိုယ်ကျွမ်းကျင်တဲ့ အိမ်ပြင်တာတို့၊ ရေပိုက်ပြင် တာတို့၊ မီးပြင်တာတို့ အဲဒီကနေစလို့ အိမ်ထောင်မှုထိန်းသိမ်းရေးအကူတွေကိုပါ လုပ်ကိုင်လာ ကြပါတယ်။ အွန်လိုင်း မကျွမ်းကျင်ဘဲနဲ့ အလုပ်တွေ သွားလုပ်လို့ရနေပြီ ဖြစ်ပါတယ်။
အခုအွန်လိုင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း တော်တော်ကို ပေါလာပြီဖြစ်တဲ့ အတွက် ကိုယ့်အနေနဲ့ နည်းပညာကျွမ်းကျင်မှ မဟုတ်ဘူး၊ နည်းပညာမကျွမ်းကျင်ဘူးဆိုရင်လည်း ကိုယ်သိတဲ့အသိ သို့မဟုတ် အေဂျင်စီတွေနဲ့ ချိတ်ဆက်ပြီး Freelance Platform ကနေ ကိုယ် ကျွမ်းကျင်တာတွေကို ချိတ်ဆက်ထားလို့ ရပါတယ်။
အစီအစဉ်မှူး။ ။ လူတစ်ယောက်က အွန်လိုင်းပေါ်ကနေ အလုပ်လျှောက်တယ်ဆိုရင် ဘယ်လိုနည်းလမ်းတွေနဲ့ ဘယ်လိုနေရာတွေမှာ ရှာဖွေနိုင်သလဲဆိုတာကို ဒေါ်ဟန်နီမြဝင်းက ဆွေးနွေးပေးပါဦး။
ဒေါ်ဟန်နီမြဝင်း။ ။ အလုပ်ရှာလို့ရတဲ့နေရာတွေက အွန်လိုင်းပေါ်မှာ အများကြီးရှိပါတယ်။ နိုင်ငံတကာမှာဆိုရင် တစ်ကမ္ဘာလုံးက လူတွေကို ချိတ်ဆက်ပေးနေတဲ့ Global Platform တွေရှိ ပါတယ်။ သူတို့မှာ အမျိုးအစားလည်း အရမ်းစုံလင်ပါတယ်။ ဥပမာ Fiverr, Upwork, Freelancer.com တို့ဖြစ်ပြီးတော့ အားလုံးက IPO ဝင်ပြီး စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီကြီး တွေဖြစ်ပါတယ်။ များသော အားဖြင့် အဲဒီလို Global Platform တွေမှာ ဘယ်လိုနိုင်ငံက လူတွေကို တွေ့ရသလဲဆိုရင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့ဘက်က Freelance တွေ အများအပြားရှိတာကို တွေ့ ရပါတယ်။
Global Platform က အတော်ကျယ်ပြန့်တဲ့အခါ နောက်တစ်မျိုးအနေနဲ့ ဒေသတွင်း ဈေးကွက်နဲ့ ကိုက်ညီမှုရှိတဲ့ အချင်းချင်း ချိတ်ဆက်ပေးတဲ့ Platform မျိုးတွေရှိတယ်။ နိုင်ငံအသီးသီး အလိုက် ဥပမာ အရှေ့တောင်အာရှနိုင်ငံတွေမှာဆို Vietnam မှာ Vlancers, ထိုင်းမှာဆိုရင် Fastwork ဆိုပြီး Local Freelance Platform တွေလည်း ရှိပါတယ်။ Local Platform တွေရဲ့ အားသာချက်က ဘာလဲဆိုရင် ဘာသာစကားတူညီတယ်၊ အချိန်ကာလကလည်း တူတယ် အဲဒီအခါ ကိုယ်က ဒီမှာ တစ်ခုခုကို အရမ်းလိုအပ်နေချိန်မှာ တစ်ဖက်က ညဖြစ်နေတာမျိုး ကွာခြားချက်တွေ မရှိတော့ပါဘူး။ ပြီးတော့ ဒေသအတွင်း နိုင်ငံတွေရဲ့ လုပ်ထုံးလုပ်နည်းတွေကို နားလည်တဲ့အတွက် ပြောဆိုဆက်ဆံရ တာလည်း လွယ်ကူတယ်။ ငွေပေးငွေချေမှု စနစ်ကလည်း အများသောအားဖြင့် Global Platform တက်ပြီဆိုရင် Visa, Master ကတ်တွေ အပါအဝင် နိုင်ငံတကာ အွန်လိုင်း ငွေပေးချေမှု စနစ်တွေရှိမှသာ ကိုယ်က လုပ်ကိုင်နိုင်မယ့် အခြေအနေမျိုး ရှိပါတယ်။ Local Platform တွေက Local မှာ ဘယ်လိုမျိုးအွန်လိုင်း Payment တွေရှိလဲ၊ အဲဒါတွေကို အကုန်လုံးလည်း တစ်ခါတည်း ပါဝင်ပြီးသားဖြစ်တဲ့ အတွက် အဆင်ပြေတယ်။
တချို့တွေက Sector Specific အထူးပြုကဏ္ဍအနေနဲ့ သွားတာမျိုးတွေရှိပါတယ်။ Creative ပညာရှင်တွေ ဒီဇိုင်းဆွဲသူတွေကိုပဲ သီးသန့်ချိတ်ဆက်ပေးတာမျိုး၊ Software Engineer, Developer နဲ့ နည်းပညာကျွမ်းကျင်တဲ့သူတွေသာ ချိတ်ဆက်ပေးတာမျိုး၊ ဒေသအတွင်းမှာ တစ်နေရာကိုသွားပြီး ကိုယ်ကအလုပ်လုပ်ပေးရတယ်ဆိုတဲ့ အချိန်ပိုင်းအလုပ်မျိုးတွေအတွက် သီးသန့်ချိတ်ဆက်ပေးတယ် ဆိုတဲ့ Platform တွေလည်းရှိပါတယ်။ ကိုယ်က အလုပ်အကိုင်အတွေ့အကြုံမရှိသေးဘူး ဆိုရင် တောင်မှ ကိုယ်လေ့လာထားတဲ့ဘာသာရပ်တွေကို Udemy တို့ Skillshare တို့လို Platform တွေမှာ ပြန်လည်ဝေမျှပြီး အပိုဝင်ငွေရှာလို့လည်းရပါတယ်။
အစီအစဉ်မှူး။ ။ အွန်လိုင်းကနေပြီး အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် ဘာတွေလိုအပ်သ လဲ၊ ကိုယ့်အနေနဲ့ ဘာတွေပြင်ဆင်ထားဖို့ သင့်သလဲဆိုတာကို ဒေါ်ဖူးပွင့်အိမ်က ဆွေးနွေးပေးပါဦး။
ဒေါ်ဖူးပွင့်အိမ်။ ။ အွန်လိုင်းကနေ အလုပ်စလုပ်တော့မယ်ဆိုရင် အလုပ်လျှောက် တော့မယ် ဆိုတဲ့အခါမှာ ကိုယ့်ရဲ့ ကိုယ်ရေးရာဇာဝင် CV ကို သေချာပြင်ဆင်ထားဖို့ လိုမယ်။ ပြီးရင် ကိုယ်ပြင်ဆင်ထားတွေကို ပို့ပေးဖို့နဲ့ အွန်လိုင်းကနေ အလုပ်လုပ်ကိုင်မှာဖြစ်တဲ့အတွက် အီးမေးလ် လိပ်စာတစ်ခုရှိဖို့ လိုအပ်ပါတယ်။ တခြားအနေနဲ့ဆိုရင် ကိုယ်က အလုပ်လုပ်တော့မှာဆိုရင် ကိုယ့် ကိုယ်ကိုယ် ရောင်းရမှာဖြစ်ပါတယ်။ ရောင်းဖို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေဖြစ်တဲ့ Cover Letter ၊ ကိုယ် ဒီအလုပ်ကို ဘာလို့လုပ်ချင်သလဲ၊ ဘာရည်ရွယ်ချက်တွေရှိသလဲဆိုတဲ့ အကြောင်း အရာတွေကို သေချာပြင်ဆင်ဖို့လိုမယ်။ ပြီးတဲ့အခါ ကိုယ်အလုပ်လုပ်ကိုင်ခဲ့ဖူးတဲ့ နေရာက ပရောဂျက်၊ လုပ်ငန်းက ထောက်ခံစာလို Recommendation Letter တောင်းဖို့ လိုမှာဖြစ်ပါတယ်။
ကိုယ်လုပ်ချင်တဲ့ အလုပ်အပေါ်မှာ မူတည်ပြီး Application Form ကို ဖြည့်ဖို့လိုမယ်။ များသော အားဖြင့် Application Form မှာ ဒါတွေပဲ တောင်းမှာဖြစ်ပါတယ်။ ဒီစာရွက်စာတမ်း တွေနဲ့အတူတူ Professional Photo ဓာတ်ပုံနှစ်ပုံ ရိုက်ထားဖို့တော့လိုပါတယ်။ ဆယ်လ်ဖီ ပုံတွေကတော့ အဆင်မ ပြေပါဘူး။ ကိုယ့်ကို ယုံကြည်လောက်အောင် သေချာဝတ်ဆင်ပြီး ရိုက်ထားတဲ့ Professional Photo ဓာတ်ပုံနှစ်ပုံ လိုပါမယ်။ များသောအားဖြင့်တော့ သိပ်ပြီး မတောင်းကြပါဘူး။
ဒါပေမယ့် ကိုယ်က ကြိုတင်ပြင်ဆင်ထားစေချင်ပါတယ်။ အချိန်ပိုင်းအလုပ်တွေမှာတော့ ပိုပြီး လိုအပ်တတ်ပါတယ်။ များသောအားဖြင့် Onetime Project လို၊ Freelancer အနေနဲ့တော့ မလိုအပ် ပါဘူး။ ကိုယ့်မှာရှိထားရင်တော့ ကောင်းပါတယ်။ အဲဒါတွေက ကိုယ့်ရဲ့ ဆိုရှယ်မီဒီယာရဲ့ Profile Link တွေ၊ ကိုယ်က ယုံကြည်စိတ်ချရရဲ့လားဆိုတာ လုပ်ငန်းရှင်တွေအနေနဲ့ ဒါတွေကို လေ့လာချင်တာ လည်း ရှိတတ်ပါတယ်။ အဲဒါကြောင့် ဆိုရှယ်မီဒီယာရဲ့ Profile Link မှာ ကိုယ်လုပ်နေတဲ့ အလုပ်ကို Work Profile ကောင်းကောင်း ထည့်ထားဖို့ လိုပါမယ်။
ပြီးတဲ့အခါ Legal Document တွေဖြစ်တဲ့ သန်းခေါင်စာရင်း၊ မှတ်ပုံတင် ၊ ပတ်စ်ပို့တွေ အားလုံး ကို စာရွက်စာတမ်းအနေနဲ့ မဟုတ်ဘဲ ဖုန်းထဲမှာ Scan ဖတ်ပြီး Softcopy အနေနဲ့ သိမ်းထားစေချင် ပါတယ်။ ပညာအရည်အချင်းထောက်ခံချက်တွေ ဆယ်တန်းအောင်လက်မှတ်လို တက်ခဲ့ဖူးတာတွေ၊ ဒါပေမယ့် ကိုယ်လျှောက်မယ့် အလုပ်အပေါ်မူတည်ပြီး လိုအပ်တဲ့ Education Certificate တွေကို သိမ်းထားဖို့လိုပါတယ်။
တစ်ဖက်မှာ ကိုယ့်အနေနဲ့ အလွတ်တမ်းပညာရှင် Freelancer တို့လို၊ အချိန်ပိုင်းအလုပ် လုပ် ကိုင်တယ်ဆိုရင် ကျင့်ဝတ်တွေရယ်လို့ အခုအချိန်ထိရေးထားတာမရှိဘူး။ ဒါပေမယ့် ကိုယ့်အနေနဲ့ Communication ကောင်းကောင်းလုပ်ရမယ်။ Communication ဆိုရာမှာ အီးမေးလ် ပုံမှန်စစ်ရမယ်။ များသောအားဖြင့် ကိုယ်အလုပ်လျှောက်လိုက်ပြီးရင် အဲဒီအလုပ်က ဘာတွေ ပြန်ပြောမလဲ၊ ပြန်ဆက်သွယ်မလဲ ၊ ကိုယ်အလုပ်ရသွားခဲ့ပြီဆိုရင်လည်း ဘယ်လို ပရောဂျက်တွေ ထွက်လာပြီလဲ ဒါတွေကို ပုံမှန်စစ်နေဖို့လိုပါတယ်။ အလုပ်က လျှောက်လိုက်ရင် ဖုန်းဆက်ကြတာ များတယ်။ ဒါပေမယ့် ကိုယ်က Freelancer ၊ အွန်လိုင်းကနေ သွားတော့မယ်ဆိုရင် အီးမေးလ်ကို ကျွမ်းကျွမ်းကျင်ကျင်၊ လျင်လျင်မြန်မြန် အသုံးပြုနိုင်ဖို့လည်း လိုအပ်တဲ့အတွက် ဘယ်လို ထိထိရောက်ရောက် ဆက်သွယ် မလဲဆိုတဲ့ Communication Skill လည်းလိုအပ်ပါတယ်။
ကျွန်မအနေနဲ့ အကြံပြုချင်တာက ကိုယ်တာဝန်ယူထားတဲ့အလုပ် Freelance လုပ်တာ၊ Partime အချိန်ပိုင်းလုပ်တာတို့မှာ အဲဒီအချက်က တော်တော်အခက်အခဲရှိပါတယ်။ ကိုယ်က ဒါကို လက်ခံထားပြီဆိုရင် မငြင်းသင့်ဘူး၊ Deadline နီးတော့မှ မလုပ်နိုင်တော့ဘူး၊ မပြီးနိုင်တော့ဘူး အဲဒီအခါ ကိုယ့်အပေါ်မြင်တဲ့အမြင်က မကောင်းနိုင်တော့ဘူး။ အေဂျင်စီအနေနဲ့လည်း အဆင်မပြေ ဘူး။ လုပ်ငန်းရှင်အနေနဲ့လည်း ထိခိုက်နစ်နာမှုတွေ ရှိနိုင်တဲ့အတွက် အဲဒါက အရေးကြီးပါတယ်။
ဒါကအခြေခံအားဖြင့် ကိုယ်စထားတဲ့အရာတစ်ခုကို အဆုံးသတ်ပြီးသည်အထိ တာဝန်ယူ လုပ်ကိုင်ဖို့ ဒါကတော့ အခြေခံအချက်အနေနဲ့ Online Job လုပ်ချင်တဲ့သူတွေအတွက် မရှိမဖြစ် လိုအပ်တယ်လို့ ထင်ပါတယ်။ ကျန်တာတွေကတော့အများကြီး ရှိပါတယ်။ လျှောက်တဲ့အလုပ် အပေါ် မူတည်ပြီး ကွဲပြားသွားနိုင်ပါတယ်။
အစီအစဉ်မှူး။ ။ ဒစ်ဂျစ်တယ်နည်းပညာနဲ့ လုပ်ငန်းတွေကို လုပ်ကိုင်တော့မယ်ဆိုရင် လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်တဲ့အခါ ဘယ်လိုအဆင့်မျိုးတွေ ကြုံရနိုင်သလဲဆိုတာကိုလည်း ဒေါ်ဟန်နီမြဝင်းက ဆွေးနွေးပေးပါဦး။
ဒေါ်ဟန်နီမြဝင်း။ ။ ဒါက တကယ်တော့ အတော့်ကို လွယ်ကူပါတယ်။ ခုဆိုရင် App တွေကို သုံးပြီး တက္ကစီတွေ ငှားနေကြပြီ။ အစားအသောက်တွေ မှာနေကြပြီ။ အွန်လိုင်းမှာအလုပ်လုပ်တာက လည်း တစ်ပုံစံတည်းပါ၊ အဲဒီလို အဆင့်တွေအနေနဲ့ လုပ်သွားရတယ်။ ပထမဦးဆုံးအနေနဲ့ စာရင်း သွင်းရမယ်။ လုပ်ငန်းရှင်အနေနဲ့ စာရင်းသွင်းမလား၊ အလုပ်လုပ်ကိုင်သူအနေနဲ့ စာရင်းသွင်းမလား။ အဲဒီ နှစ်ခုကိုတော့ ကွဲကွဲပြားပြားသိဖို့လိုပါတယ်။
ကိုယ်က စာရင်းသွင်းလိုက်ပြီဆိုရင် ကိုယ့်ဆီကို အီးမေးလ် ရောက်လာမယ်။ Verify လုပ်မယ်။ ကိုယ်ရဲ့ ကိုယ်ရေးအချက်အလက်တွေတောင်းမယ်။ ပလက်ဖောင်းတွေ ကွာချင်ကွာသွားမယ်။ အချိန် ပြည့်လား၊ အချိန်ပိုင်းလား၊ Freelance အလွတ်တမ်းပညာရှင်လား ကွာချင်ကွာသွားမယ်။ တောင်း တာတွေက များသောအားဖြင့် ဒါတွေပဲဖြစ်ပါတယ်။
လုပ်ငန်းရှင်အနေနဲ့ ကိုယ်ရဲ့ ကုမ္ပဏီအချက်အလက်၊ Personal Information တွေ ထည့်ပေးရ တာတွေရှိမယ်။ ပြီးရင် ပထမဦးဆုံး ကိုယ့်ရဲ့အကောင့်ထဲကို Login ဝင်ရတယ်။ Login ဝင်ပြီး ပရောဂျက်တစ်ခုကို စပြီးတင်ရတယ်။ ကိုယ်က ဘယ်လိုလူမျိုးကို လိုချင်သလဲ အဲဒါမျိုးကို အသေး စိတ်ဖော်ပြဖို့အတွက် နေရာကိုသွားရပါတယ်။ အလွတ်တမ်းပညာရှင် လိုတာလား၊ အချိန်ပိုင်း ကို ရှာတာလား။
Freelance အလွတ်တမ်းကို သွားပြီဆိုရင် ပထမဆုံးအနေနဲ့ Title ပေါ့ ဥပမာ - အမျိုးသား နေ့အတွက်ကို ဒီဇိုင်းတစ်ခုဆွဲချင်တယ်၊ လိုချင်တယ်ဆိုရင် ခေါင်းစဉ်တစ်ခု ပေးလိုက်တယ်။ ဂရပ်ဖစ် ဒီဇိုင်းဆိုတဲ့ Category ကို ရွေးလိုက်တယ်။ ပြီးရင် Sub Category တွေ ရှိတယ်။ ဂရပ်ဖစ်ဒီဇိုင်းမှာမှ ဘယ်လိုမျိုးဂရပ်ဖစ်ဒီဇိုင်းဆိုတာ၊ ဘယ်လို ဝန်ဆောင်မှုမျိုးကို လိုချင်တယ်ဆို တာတွေကို အဆင့်ဆင့် ရွေးပေးရတယ်။
ပြီးတော့ ကိုယ်က ဒီဇိုင်းကို ဘာနဲ့ဆွဲစေချင်တာလဲ၊ Adobe Illustrator နဲ့ ဆွဲစေချင် တာလား၊ Photoshop နဲ့ ဆွဲစေချင်တာလား ။ အဲဒါမျိုးတွေ Skill တွေကို ရွေးပေးလို့ရတယ်။ ကိုယ်ရွေးသလောက် သက်ဆိုင်တဲ့ Skill တွေကျလာတယ်။ နောက်တစ်ခုက အချိန်ပါ။ ကိုယ်က ဒီဇိုင်းကို အချိန် တစ်နာရီအတွင်း လိုချင်တာလား၊ နှစ်နာရီအတွင်း လိုချင်တာလား။ နှစ်ပတ်အတွင်း လိုချင်တာ လားဆိုတာ အချိန်ရွေးပေးရပါတယ်။
နောက်တစ်ခုက ဘတ်ချက်ပါ။ ဘယ်လောက် အနည်းဆုံးသုံးစွဲမယ်ပြောလို့ရတယ်။ ဒါမှ မဟုတ် လာလျှောက်ကြတဲ့အထဲမှာ ရွေးမယ်လို့လည်းပြောလို့ရတယ်။ နောက်တစ်ချက်က အသေး စိတ်ပါ။ ဉပမာ ဒီဇိုင်းက အမျိုးသားနေ့နဲ့ ပတ်သက်တဲ့ ဒီဇိုင်း၊ စာသားမှာ၊ ဒီဇိုင်းပေါ်မှာ ဘာတွေပါ ချင်တယ်။ ဘယ်လိုအရောင်တွေ သုံးချင်တယ်။ ကိုယ်က အကြမ်းနှစ်ပုံလောက် လိုချင်တယ်။ အဲဒီ အထဲမှာမှ ပြန်ရွေးမယ်။ Revise ဘယ်နှခေါက်လောက်လုပ်ချင်တယ်။ အဲဒါမျိုးတွေကို အသေးစိတ် ရေးပေးလို့ရတယ်။
ဝန်ဆောင်မှုရွေးချယ်တဲ့အပိုင်းမှာ Freelancer အသစ်တွေ သုံးမယ်ဆိုရင် ငွေကြေးကုန်ကျ တာမျိုးလည်း မရှိဘူး။ Free တင်လို့ရတယ်။ အလွန်နာမည်ကြီးတဲ့ သူတွေနဲ့သုံးမယ်ဆိုရင်တော့ ဝန်ဆောင်ခ ပေးရတာတွေ ရှိမယ်။ ပြီးတော့ Enterprise ဆိုရင် အချို့ ပရောဂျက်တွေက Website တွေ App တွေ အကြီးစားရေးဆွဲတဲ့အခါ ၆/၇ လ ရေရှည်သွားရတာတွေရှိတယ်။ အဲ့ဒီအတွက် Project Management တွေလိုချင်တယ်ဆိုရင်တော့ Enterprise ကိုရွေးချယ်လို့ရပါတယ်။ ကိုယ်သင့်တော် တဲ့ ဝန်ဆောင်မှု Service ကိုရွေး၊ ပြီးရင်တော့ Post Project button ကိုနှိပ်လိုက်တယ်။ အဲဒါဆိုရင် တော့ အလုပ်တင်တဲ့အပိုင်းပြီးသွားပြီ။ အလုပ်တင်ပြီးသွားရင် System ဘက်ကနေ ၊ ပလက်ဖောင်း ဘက်ကနေ စီစစ်တာမျိုးတွေ ရှိပါတယ်။
Freelancer တွေဘက်ကဆိုရင်လည်း ဂရပ်ဖစ်ဒီဇိုင်းလို့ တင်လိုက်တဲ့အခါ ဂရပ်ဖစ်ဒီဇိုင်းနဲ့ ပတ်သက်တဲ့ ဒီဇိုင်းနာတွေအကုန်လုံးဆီကို အီးမေးလ်ရောက်သွားပြီ။ ကိုယ်က အီးမေးလ်ကို ပုံမှန် စစ်နေမယ်၊ မြန်မြန်ဆန်ဆန် ဆက်သွယ်အကြောင်းပြန်နိုင်မယ်ဆိုရင် သူများတွေထက် ကိုယ်က အခွင့်အလမ်းပိုရမှာဖြစ်ပါတယ်။ အီးမေးလ်စစ်လိုက်မယ်။ ခုနလို အသေးစိတ် အချက်အလက်တင်ပြ ထားတာတွေကို ကြည့်လိုက်မယ်ဆိုရင် ကိုယ်က Cover Letter ကောင်းကောင်းနဲ့ လျှောက်ထားသူ အများကြီးကြားထဲက ကိုယ်ကို ဘာလို့ရွေးသင့်တယ်။ ဘာလို့ဒီပရောဂျက်အတွက် လုပ်သင့်တယ်ဆို တာမျိုးကို သေချာရေးပြီးတင်လိုက်လို့ရပါတယ်။ သူက ၃ ရက်နဲ့ အပြီးလုပ်ရ မယ်ဆိုပေမယ့် ကိုယ်က ၂ ရက်နဲ့အပြီးလုပ်နိုင်တယ်။ ဒါပေမယ့် ဘယ်လောက်တော့ ကျမယ်ဆိုတာမျိုး ရေးနိုင်သလို၊ သူ့ရဲ့ သတ်မှတ်ထားတဲ့ဘတ်ချက်အတွင်း လုပ်နိုင်မယ်ဆိုလည်းရတယ်။
တင်လိုက်တာတွေအကုန်လုံးကိုလည်း လုပ်ငန်းရှင်တွေဖက်ကနေ Dashboard ထဲကို ဝင် မယ်။ Active Project ထဲမှာကိုယ့်ရဲ့ ပရောဂျက်ကို လူတွေ ဘယ်လောက်လျှောက်ထားသလဲ။ လျှောက်ထားတဲ့သူတွေထဲကမှ တချို့က ၂ ရက်နဲ့ပြီးမယ် ဘယ်လောက်၊ အချို့က ၃ ရက်နဲ့ပြီးမယ် ဘယ်လောက် စသဖြင့်နဲ့ သူတို့ရဲ့ Profile တွေိကိုလည်း ဝင်ကြည့်လို့ရမယ်။ ဘာတွေလုပ်ခဲ့ဖူးသလဲ။ အရင်အလုပ်တွေကရော ဘာတွေပြောသလဲ Review တွေကို စစ်ကြည့်လို့ရမယ်။ သူတို့နဲ့ စကား တွေပြောလို့ရမယ်။ အပြင်မှာ အလုပ်လုပ်သလိုမျိုးပဲ။ အလုပ်စကားတွေ ပြောလို့ရမယ်။ စကားပြော ရင်း ဈေးတွေလည်း ညှိလို့ရမယ်။ အားလုံးလျှောက်တဲ့သူတွေအများကြီးထဲကမှ ဒီတစ်ယောက်ကို သဘောကျသွားပြီ၊ ခန့်တော့မယ် ဆိုရင် Hire ဆိုတဲ့ ကလစ် Button ကို နှိပ်ရမယ်။
နှစ်ဦးနှစ်ဖက် Communicate လုပ်တာဆိုတော့ ကိုယ့်ဖက်က ခန့်လိုက်ပြီဆိုရင် ခန့်လိုက်တဲ့ ပညာရှင်အနေနဲ့လည်း သူပြောတဲ့ရက်မှာပြီးဖို့ကို တစ်ခေါက်လက်ခံပေးရတယ်။ အဲဒီလို လက်ခံပြီး သွားပြီဆိုရင်တော့ နှစ်ယောက်ချိတ်ဆက်မိသွားပြီ ၊ နောက်ထပ်လာမယ့် အဆင့်ကတော့ Payment ပါ။ ငွေပေးချေဖို့အတွက် Online Payment ဆိုရင် Bank Transfer တွေ ရှိမယ်။ e wallet တွေ၊ Visa Master တွေ MPU ကတ်နဲ့လည်း ပေးလို့ရပါမယ်။
အဲဒီလို ပေးပြီးသွားပြီဆိုရင် Chat Room ထဲမှာ စကားတွေပြောလို့ရမယ်။ အလုပ်တွေ လုပ်လို့ ရမယ်။ Chat Room ထဲမှာ ပြောတာကလည်း Massager နဲ့ Viber မှာစကား ပြောသလိုမျိုးပဲ။ လွယ်ပါ တယ်။ ဖိုင်တွေလည်း ပို့လို့ရမယ်။ အဆင်ပြေလား၊ ဒီနားလေးလို နေသေးတယ်၊ ပြန်ဆွဲပေးပါ ဦး စသဖြင့်ပြောလို့ရမယ်။ အလုပ်တွေပြီးသွားပြီ၊ ဖိုင်တွေပို့ပြီးသွားပြီဆိုရင် လုပ်ငန်းရှင်ဖက်က ပရော ဂျက် ၊ လုပ်ငန်းကို ပြီးမြောက်ကြောင်း အသိအမှတ်ပြုပေးရတယ်။
အသိအမှတ်ပြုပြီးသွားပြီဆိုရင် အဆင့်သတ်မှတ်ချက်တွေနဲ့သူ့ကို မှတ်ချက်တွေပေးခဲ့လို့ ရပါ တယ်။ တက္ကစီငှားပြီးသွားရင်၊ အစားအသောက်တွေမှာပြီးသွားရင် ကြယ်ပွင့်လေးတွေနဲ့ မှတ်ချက် ပေးသလိုမျိုးပါပဲ။ ဒီလူက ကောင်းတယ်၊ ဆိုးတယ် ၊ ဘယ်လိုနေရာတွေမှာ လိုအပ်တယ်၊ ဒါမှမဟုတ် အဆင်ပြေတယ် အဲဒီလို မှတ်ချက်တွေကလည်း အလုပ်လုပ်ကိုင်သူအတွက် အရေးကြီးပါတယ်။ အလွတ်တမ်း ပညာရှင်အနေနဲ့ လုပ်ငန်းအကုန်လုံးပြီးမြောက်အောင်မြင်မှသာ ဒီပရောဂျက်အတွက် ဝင်ငွေကို လက်ခံရရှိပါမယ်။
အဲဒီလို Grantee လုပ်ထားတာဖြစ်တဲ့အတွက် ရလာတဲ့ သုံးသပ်ချက်၊ မှတ်ချက် တွေကိုလည်း အခြားလုပ်ငန်းရှင်က မြင်နေရတယ်။ အကယ်၍ ကိုယ်က ဒီပရောဂျက်တစ်ခုကို ကောင်းကောင်း မွန်မွန်နဲ့ ကျွမ်းကျွမ်းကျင်ကျင် လုပ်ထားပြီးပြီဆိုရင် နောက်ထပ်ပရောဂျက်တွေ အများကြီးရဖို့ အတွက်လည်း အခွင့်အလမ်းရှိပါတယ်။ ဒါကတော့ သူ့အဆင့်အလိုက် ပြောပြသွားတာပါ။ အဆင့် တွေကများတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် အွန်လိုင်းကနေ အလုပ်လုပ်တာ ဖြစ်တဲ့အတွက် အားသာချက်တွေ အများကြီးရှိပါတယ်။ အပြင်မှာအလုပ်လုပ်တာနဲ့ ကွာဟချက် အများကြီးရှိတာ တော့ မဟုတ်ပါဘူး။
အစီအစဉ်မှူး။ ။ ဒေါ်ဖူးပွင့်အိမ်အနေနဲ့ ဒီအစီအစဉ်ကနေ ပြည်သူတွေကို ထပ်မံပြီး အသိပေး ချင်တာရှိရင်လည်း မျှဝေပေးပါဦး။
ဒေါ်ဖူးပွင့်အိမ်။ ။ ကျွန်မအနေနဲ့ အကြံပြုချက်ပေးချင်တာက ဒီခေတ်အခါ လက်ရှိ မြန်မာနိုင်ငံမှာကလည်း တဖြည်းဖြည်းနဲ့ ဖွံ့ဖြိုးတိုးတက်နေပြီဆိုတော့ အလုပ်အကိုင်အခွင့်အလမ်း တွေကလည်း ရှိတယ်။ များသောအားဖြင့် အချိန်ပြည့် Full time လုပ်တဲ့အလုပ်တွေကို ရှာနေမယ့် အစား ကိုယ်ဝါသနာပါရာ၊ ဘာကို ဝါသနာပါမှန်းမသိသေးဘူးဆိုရင်လည်း ကိုယ်ကျွမ်းကျင်ရာ တစ်ခုခုကို စမ်းသပ်ပြီးလုပ်ကိုင်ကြည့်ဖို့လည်း အခွင့်အလမ်းတွေရှိလာပြီ။ အခုအချိန်မှာ အလုပ် အကိုင် အခွင့်အလမ်းတွေ ရှိနေပြီ။ အွန်လိုင်း ဖြစ်သွားတဲ့အခါကျတော့ နိုင်ငံအတွင်း သာမက ပြည်ပ က အလုပ်အကိုင်ပရောဂျက်တွေ၊ အခွင့်အလမ်းတွေကို ယူမယ်ဆိုရင် ရနိုင်နေပြီဖြစ်ပါတယ်။
အဲဒီအတွက် ကျွန်မတို့ အလုပ်လုပ်ဖို့ပဲ ကျန်တော့တယ်။ အလုပ်လုပ်ကြမယ်။ အလုပ်လုပ်ဖို့ အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှု Skill တွေ ၊ စာရွက်စာတမ်းလိုအပ်ချက်တွေကို ပြင်ဆင်ထားဖို့ လိုပါတယ်။ ကိုယ်ကျွမ်းကျင်တာမရှိသေးဘူးဆိုရင်လည်း ကိုယ်လုပ်ချင်တာ၊ ဖြစ်ချင်တာကို ပိုပြီး ကျွမ်းကျင်အောင် လုပ်ရင်းနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရနိုင်နေပြီဖြစ်ပါတယ်။ နိုင်ငံတွင်းသာ မဟုတ်ဘူး၊ ပြည်ပနိုင်ငံတွေက ပလက်ဖောင်းတွေ အများကြီး ရှိပါတယ်။ အဲဒီလိုပလက်ဖောင်း တွေကနေ ပရောဂျက်တွေ ယူလို့ရပါတယ်။
ပြောချင်တာက ကိုယ်ကျွမ်းကျင်တာရှိခဲ့ရင် အလုပ်မလုပ်သေးဘူးဆိုရင်လည်း ပြန်သင်ပေးလို့ ရပါတယ်။ မျှဝေပေးလို့ရနေပြီ ဖြစ်ပါတယ်။ အဲဒီအခါကျတော့ အလုပ်လုပ်ဖို့ပဲ လိုတော့တယ်။ ကျွန်မတို့ နိုင်ငံအတွက် အလုပ်လုပ်ကြမယ်။ အကောင်းဆုံးကြိုးစားကြမယ်။ ကျွန်မတို့ နိုင်ငံက Work Force တွေအများကြီးလည်း လိုအပ်နေတာဖြစ်တဲ့အတွက် အားလုံးကို စလုပ်လိုက်ပါတော့လို့ အကြံပြုချင်ပါတယ်။
အစီအစဉ်မှူး။ ။ ဒေါ်ဟန်နီမြဝင်းအနေနဲ့လည်း ဖြည့်စွက်ပြောကြားချင်တာရှိရင်လည်း မျှဝေပေးပါဦး။
ဒေါ်ဟန်နီမြဝင်း။ ။ အမေရိကန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၃/၄ နှစ်လောက်က အခု ၂၀၂၀ ပြည့်နှစ် ကုန်မှာ အမေရိကန်တစ်နိုင်ငံလုံးရဲ့ ၃ ပုံ တစ်ပုံသော အလုပ်သမားအင်အားတွေဟာ Freelancer အလွတ်တမ်းပညာရှင်တွေဖြစ်မယ်လို့ ကြိုတင်ခန့်မှန်းခဲ့တာတွေရှိပါတယ်။ တကယ်တမ်း ၂၀၂၀ မှာ ကပ်ရောဂါဖြစ်သွားတော့ အကုန်လုံးနီးပါးက အိမ်ထဲမှာ Remote Working ကို အကျွမ်းတဝင်ဖြစ် သွားတယ်။ အလုပ်သမားအင်အားရဲ့ ၁၀၀ ရာခိုင်နှုန်းနီးပါးလောက် အိမ်ကနေပဲ အလုပ်လုပ်ဖြစ် သွားတယ်။
ဒီလိုနည်းပညာကို အသုံးပြုပြီး အလုပ်လုပ်ကိုင်ပုံ ပြောင်းလဲလာတာမှာ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေ၊ အလုပ်အကိုင်ရှာဖွေနေသူတွေ အခုထက်ပိုပြီး ပါဝင်စေချင်တယ်။ ဘွဲ့ရကျောင်း ပြီးတဲ့၊ လုပ်ငန်းခွင်ကို မရောက်သေးတဲ့ မြန်မာလူငယ်တွေဟာ အချိန်ပိုင်းလုပ်ကိုင်တာနဲ့ပဲ အတွေ့ အကြုံတွေ၊ အပိုဝင်ငွေတွေ ရှာဖွေလို့ရပါတယ်။ မြန်မာအမျိုးသမီးတွေ၊ အိမ်ရှင်မတွေဆိုရင်လည်း အိုးမကွာအိမ်မကွာနဲ့ နည်းပညာကို အသုံးချပြီး အလုပ်လုပ်လို့ရတယ်။ ဒါကလည်း တစ်နည်းတစ်ဖုံနဲ့ အလုပ်အကိုင်ရှားပါးမှုကို လျော့ချသွားမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်ကို နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုအနေနဲ့ နိုင်ငံတကာကို၊ အိမ်နီးချင်းနိုင်ငံတွေကို အွန်လိုင်းကနေ ချိတ်ဆက်ပြီး အလုပ်လုပ်ကိုင်လို့ ရနေပြီ၊ အဲဒီလို အခြေ အနေမှာ အကုန်လုံးကို ကြိုးစားကြည့်စေချင်ပါတယ်။ လေ့လာစေချင်ပါတယ်။ ဒီထက်ပိုပြီး ဒစ်ဂျစ် တယ် အွန်လိုင်းပေါ်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရှိနေတယ်ဆိုတာ သိစေချင်တယ်။ ဘယ်လိုနေရာမှာအလုပ်တွေရှိတယ်၊ ဘယ်လိုတွေလုပ်ရမယ်ဆိုတာ အဆင့်ဆင့် ပြောပြပြီးသွားပြီဆို တော့ ရောက်အောင်သွားမှ ဒီထက်ပိုပြီး အလုပ်အကိုင်တွေ၊ အတွေ့အကြုံတွေ များများရမှာပါ။ ဒီထက်ပိုပြီး နည်းပညာကိုတိုးချဲ့ပြီး အသုံးပြုရတဲ့အချိန်မှာ အလုပ်အကိုင် ရှာဖွေလုပ်ကိုင်ခြင်းက လည်း ထိပ်ဆုံးကပါတယ်လို့ ပြောချင်ပါတယ်။
ထက်လျှံ