ဒီဇင်ဘာ ၁၁
တောင်ကိုရီးယားနိုင်ငံတွင် အမေရိကန်စစ်သားဦးရေ ၁၀ ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသည်ဟု ကိုရီးယားအမေရိကန်တပ်ဖွဲ့ (ယူအက်စ်အက်ဖ်ကေ)က ဆိုသည်။
ယူအက်စ်အက်ဖ်ကေ တပ်ဖွဲ့ဝင် ၁၀ ဦး တောင်ကိုရီးယားနိုင်ငံသို့ နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၈ ရက်နေ့အတွင်း ရောက်ရှိခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရကြောင်း ထုတ်ပြန်ချက်တစ်ခုတွင် ၎င်းတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် အမေရိကန် အစိုးရ စင်းလုံးငှား လေယာဉ်ဖြင့် အမေရိကန်ပြည်ထောင်စုမှ အိုဆန်လေတပ် အခြေစိုက်စခန်းသို့ တပ်ဖွဲ့ဝင်လေးဦး ရောက်ရှိခဲ့သည်။
အဆိုပါ အိုဆန်လေတပ် အခြေစိုက်စခန်းသည် ဆိုးလ်မြို့တောင်ဘက် ကီလိုမီတာ ၇၀ အကွာရှိ Pyeongtaek မြို့တွင် တည်ရှိသည်။
တပ်ဖွဲ့ဝင် ခြောက်ဦးသည် နိုဝင်ဘာ ၂၆၊ ၂၉ နှင့် ဒီဇင်ဘာ ၆၊ ၇၊ ၈ ရက်နေ့တို့တွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်လေကြောင်းလိုင်းဖြင့် ဆိုးလ်မြို့ အနောက်ဘက် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည်ဟု အတည်ပြုထားသော တပ်ဖွဲ့ဝင် ၁၀ ဦးကို Pyeongtaek မြို့ရှိ အမေရိကန် စစ်တပ်ဂါရစ်စန်နှင့် အိုဆန်လေတပ် အခြေစိုက်စခန်းတို့တွင် သီးခြားနေထိုင်ရန် သတ်မှတ်ထားသည့် နေရာများသို့ ပြောင်းရွှေ့ပေးခဲ့သည်။
ယူအက်စ်အက်ဖ်ကေ တပ်ဖွဲ့ဝင်များအကြား ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၁၈ ဦးအထိ မြင့်တက်လာကြောင်း ယွန်ဟပ်သတင်းအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။ ပြီးခဲ့သည့်လက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုများ ပြန်လည်ဖြစ်ပွားလာခဲ့သည်။
တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၈၉ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကူးစက်ခံရသူပေါင်း ၄၀၇၈၆ ဦးအထိ မြင့်တက်လာသည်ဟု နောက်ဆုံး ထုတ်ပြန်ချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို