သထုံ၊  ၁၁    ဒီဇင်ဘာ     

 

မွန်ပြည်နယ်၊ သထုံမြို့ရှိ အမှတ်(၈၈) စက်မှုလယ်ယာစခန်းတွင် တည်ဆောက်ထားသည့် စပါးတင်း (၄၀ဝ)ကျ အခြောက်ခံစက် သရုပ်ပြပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်၊ နံနက်က အဆိုပါ စခန်းဝင်းအတွင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးတို့က အမှာစကားပြောကြားပြီး မွန်ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးထွန်းထွန်းခိုင်က မွန်ပြည်နယ်တွင် တောင်သူများအနေဖြင့် ရာသီဥတု ဖောက်ပြန်ခြင်းကြောင့် သဘာဝဘေးဒဏ်များနှင့် အချိန်အခါမဟုတ်မိုးရွာခြင်းတို့ကို နှစ်စဉ်ကြုံတွေ့ရလျှက်ရှိရာ ရိတ်သိမ်းပြီး စပါးများ အချိန်မီ အခြောက်ခံနိုင်အောင် ဌာနအနေဖြင့် တည်ဆောက်ပေးရခြင်းဖြစ်ကြောင်း၊  စပါး အခြောက်ခံစက်ကို အသုံးပြုခြင်းဖြင့် အမှိုက်အမှုန်အမွှားကင်းစင်သည့် စံချိန်မီ အရည်အသွေးကောင်း စပါးများ ရရှိကာ ကြိတ်ခွဲရာ၌လည်း အကျိုးအကြေ ကင်းစင်ပြီး အထွက်တိုးသည့် ဆန်များကို ရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် စပါးအခြောက်ခံစက် အသုံးပြုခဲ့သည့် တောင်သူတစ်ဦးက ရရှိခဲ့သည့် အကျိုးကျေးဇူးများ ကို ရှင်းလင်းပြောကြားကာ တက်ရောက်လာသူတို့က အခြောက်ခံစက် သရုပ်ပြလည်ပတ်နေမှုအား လိုက်လံကြည့်ရှုခဲ့ကြသည်။

 

အဆိုပါ စပါးအခြောက်ခံစက်မှာ မွန်ပြည်နယ်အတွင်း ပထမဆုံး တည်ဆောက်ခဲ့သည့် စက်ဖြစ်ပြီး တစ်ကြိမ် အသုံးပြုလျှင် တင်းပေါင်း ၄၀ဝ ဝင်ဆံ့ကာ စပါးအစိုဓာတ်အပေါ်မူတည်၍ အခြောက်ခံချိန် ၄ နာရီမှ ၈ နာရီခန့်အထိကြာမြင့်ကြောင်း၊ တောင်သူများအနေဖြင့် စပါးအခြောက်ခံလိုပါက ဌာနနှင့် ချိတ်ဆက်ကာ မည်သူမဆို လာရောက် အသုံးပြုနိုင်ပြီဖြစ်ကြောင်း စက်မှုလယ်ယာ ဦးစီးဌာနမှ သိရသည်။

 

သက်ဦး(သထုံ)