ပွင့်ဖြူ၊ ၁၁ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုအတွင်းရှိ မုန်းချောင်းအနီး ကျေးရွာများတွင် ဒေသခံတောင်သူများသည် မုန်းချောင်းရေနှင့် မြေအောက်ရေကို စနစ်တကျသုံးစွဲ၍ ရုံးပတီသီးအား စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြရာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် ရုံးပတီသီး စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေနေကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။
ရုံးပတီသီး စိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးပြီး နှစ်လကြာပါက အသီးများသီးကာ စတင်ဆွတ်ခူး ရောင်းချရကြောင်း၊ လက်ရှိဈေးကွက်၌ ရုံးပတီသီးတစ်တောင့်လျှင် ၅ ကျပ်နှုန်း ရောင်းချရပြီး အသီးများ လှိုင်လှိုင်ဆွတ်ခူး ရောင်းချနေရသဖြင့် စီးပွားရေးတွက်ချေကိုက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ညောင်ကုန်း ကျေးရွာမှ ဟင်းသီးဟင်းရွက်စားပင်သီးနှံ စိုက်ပျိုးလုပ်ကိုင်သူ ကိုသန်းဌေးအောင်က ပြောသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က ဒေသခံတောင်သူတွေဟာ မုန်းချောင်းရေနဲ့ မြေအောက်ရေကို အသုံးချပြီး ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ယခုလို ကိုဗစ်-၁၉ကာလမှာ ဟင်းသီးဟင်းရွက် စားပင်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းဟာ မိသားစု စားဝတ်နေရေး အတွက် နေ့စဉ်ဝင်ငွေရရှိလို့ ဒေသခံတောင်သူတွေက အားထားစိုက်ပျိုး လုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက် စားပင်သီးနှံတွေထဲမှ ရုံးပတီသီးဟာလဲ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ဈေးကောင်းရရှိတဲ့အတွက် စီးပွားရေးတွက်ချေကိုက်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောပြသည်။
ရဲဝင်းနိုင်(ပြန်/ဆက်)


