နေပြည်တော်၊    ၁၁  ဒီဇင်ဘာ 

သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၃၂)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ဒီဇင်ဘာ (၂၂) ရက်မှ (၂၃) ရက်အထိ (၂)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းစာတမ်းဖတ်ပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန များနှင့် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်တို့မှ  စာတမ်း (၅၂)စောင်အား တင်သွင်း ဖတ်ကြား သွားမည်ဖြစ်ကြောင်း၊  သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနတွေ့ရှိချက်များအား တင်ပြနိုင်ရန်၊ ပညာရပ်ဆိုင်ရာ အသိအမြင်များ ဆွေးနွေးဖလှယ်နိုင်ရန်နှင့် ဆက်လက်ဆောင်ရွက်မည့် သုတေသနလုပ်ငန်းများအတွက် အကြံပြုချက်များ ရယူနိုင်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။ 

သုတေသနစာတမ်းဖတ်ပွဲများကို ၁၉၇၈ ခုနှစ်မှ စတင်ကျင်းပခဲ့ရာ ၂၀၁၉ ခုနှစ်အထိ (၄၁)နှစ် ကာလ အတွင်း သုတေသနစာတမ်း ဖတ်ပွဲများကို နှစ်စဉ်နီးပါးကျင်းပခဲ့ရာ သုတေသနစာတမ်းပေါင်း (၄၂၀) ကို ထုတ်ဝေနိုင်ခဲ့ပြီးဖြစ်သည်။  သုတေသနစာတမ်းဖတ်ပွဲကို  (parallel session) သုံးခုခွဲ၍ တစ်ပြိုင်နက် တည်း ကျင်းပမည်ဖြစ်ပြီး Session 1 အစီအစဉ်တွင် သစ်တောစိုက်ပျိုးပြုစုခြင်းနှင့် စီမံအုပ်ချုပ်ခြင်းဆိုင်ရာ စာတမ်းများကိုလည်းကောင်း၊ Session 2 အစီအစဉ်တွင် ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်နှင့် ကာဗွန် အရင်းအမြစ်များ၊ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ လေ့လာခြင်း၊ သစ်အသုံးချခြင်းဆိုင်ရာ စာတမ်းများကိုလည်း ကောင်း၊   Session 3 အစီအစဉ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သတ္တုကဏ္ဍဆိုင်ရာ သုတေသန စာတမ်းများကိုလည်းကောင်း တင်သွင်းဖတ်ကြားမည် ဖြစ်ကြောင်းနှင့် စိတ်ပါဝင်စားသူ မည်သူမဆို မိမိတို့ စိတ်ဝင်စားသည့် Session များသို့ တက်ရောက် ဆွေးနွေးနိုင်ပါ ကြောင်း၊ Meeting ID Password အပါအဝင် စာတမ်းဖတ်ပွဲနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သစ်တောဦးစီးဌာန website (www.forest department.gov.mm)၊ သစ်တောဦးစီးဌာန facebook စာမျက်နှာ (Forest Department) နှင့် သစ်တောသုတေသနဌာန facebook စာမျက်နှာ (Forest Research Institute, Myanmar) တို့တွင် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။ 

သတင်းစဉ်