ရန်ကုန် ၁၁ ဒီဇင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် Information Matrix ကုမ္ပဏီတို့ ပူးပေါင်း စီစဉ်ကျင်းပသော မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် အွန်လိုင်း ရုပ်ရှင်ပဟေဠိပြိုင်ပွဲ (8 PM Quiz Night Show) ကို ဒီဇင်ဘာ ၁၃ ရက် ည (၈) နာရီတွင် 7Day TV Facebook စာမျက်နှာ မှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ကျင်းပမည်ဖြစ်သည်။
အဆိုပါ ရုပ်ရှင်ပဟေဠိပြိုင်ပွဲ အစီအစဉ်တွင် မြန်မာ့ရုပ်ရှင်ခေတ်ဦးမှ ယနေ့ကာလ အထိ ဖြတ်သန်းခဲ့သော ရုပ်ရှင်သမိုင်းကြောင်းများ၊ ရုပ်ရှင်သရုပ်ဆောင်များ၏ အနုပညာ လှုပ်ရှား မှုများ၊ ရုပ်ရှင်ဇာတ်ကားများကို မေးခွန်းပေါင်း(၃၀) မေးမြန်းဆောင်ရွက်သွား မည်ဖြစ်ပြီး စုစုပေါင်းလူဦးရေ (၅၀၀) ခန့် တစ်ပြိုင်နက် ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်နိုင်မည့် ကွန်ပျုတာ Software အသုံးပြု၍ ဆောင်ရွက်မည်ဖြစ်သည်။
ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် https://www.crowd.live/7DAYTV Link သို့ ဝင်ရောက်ကာ အမြန်ဆုံး register လုပ်ထားရမည်ဖြစ်ပြီး အသေးစိတ်အချက်အလက် များအား 7 Day TV Facebook စာမျက်နှာ တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
8 PM Quiz Night Show တွင် ပါဝင်ယှဉ်ပြိုင်သူများ၏ ရရှိသည့် အမှတ်များကို ကွန်ပျုတာ အသုံးပြု၍ စိစစ်ကာ ပထမ၊ဒုတိယ၊တတိယဆုများအား ရွေးချယ်သွားမည်ဖြစ်ပြီး ပထမဆု ကျပ်(၅)သိန်းနှင့် i Phone (၁)လုံး၊ ဒုတိယဆု ကျပ်(၃)သိန်းနှင့် တတိယဆု ကျပ်(၂)သိန်းတို့အား ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(FDC)


