ရန်ကုန်၊ ၁၁ ဒီဇင်ဘာ
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ရေ၊ ပတ်ဝန်း ကျင် သန့်ရှင်းရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ဆောင်းရာသီ အသုံးအဆောင်ပစ္စည်းများ ဖြန့်ဝေခြင်းနှင့် လိုအပ်သည့် လူမှုကရုဏာ အထောက်အပံ့များကို ဆမီးမြို့သို့ နိုဝင်ဘာ ၁၇ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ သွားရောက်ကာ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထောက်ပံ့ရာတွင် တိုက်ပွဲရှောင်စခန်း (၆) ခု အိမ်ထောင်စု(၈၃၀) (လူဦးရေ ၃,၄၀၀ ကျော်)တို့ အတွက် ဂါလန် ၁၀၀၀ ဆံ့ ရေစည် (၁၁) လုံး၊ PE ပိုက်ခွေ (၄၀) ၊ ရေစုပ်စက် (၆)ခု၊ တာပေါ်လင် (၁၀) ချပ်၊ Life Strawသောက်ရေစစ်အိုး (၅၆) လုံး၊ ဆပ်ပြာခဲ၊ ရေထည့်ဘူးနှင့် လက်ဆေးဘေစင် (၃၂) စုံ၊ ဘီးတပ်အမှိုက်ပုံး (၂၃) ခု၊ နှင့်ဆမီး တိုက်နယ်ဆေးရုံသို့ ဂါလန် ၁၀၀၀ ဆံ့ ရေစည်၊ ဘီးတပ်အမှိုက်ပုံးနှင့် လက်ဆေးဘေစင် (၁) ခုစီ တို့အား ဖြန့်ဝေခဲ့သည်။
ထို့အပြင် တိုက်ပွဲရှောင်အိမ်ထောင်စု (၁) စုလျင် ဆောင်းရာသီသုံး ပစ္စည်းများဖြစ်သည့် စောင်(၂)ထည်၊ မွေ့ယာ(၂)ခုနှင့် အနွေးအဝတ်အထည်အမျိုးအစား(၂၈) ထည်တို့အား ပေးအပ်ခဲ့ သည်။
ဆမီးမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့မှ ထောက်ပံ့ပေးအပ်မှုသည် ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ယခုနှစ် မေလအတွင်းကလည်း အိမ်ထောင်စုပေါင်း (၇၂၈) စု (လူဦးရေ ၂,၉၇၅ ဦး)အတွက် အစားအစာ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်း၊ မီးဖိုချောင် သုံးပစ္စည်း၊ ခြင်ထောင်၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်း၊ တာပေါ်လင်စနှင့် နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်များကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဝင်းအောင်(MRCS)


