ရန်ကုန်၊ ၁၁ ဒီဇင်ဘာ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လာမည့်နှစ်တွင် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲ နှစ်ခုအတွက် မြန်မာ ယူ-၂၂ အသင်းအား နှစ်ဆန်းပိုင်း၌ စခန်းဝင်လေ့ကျင့်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
မြန်မာ ယူ-၂၂ အသင်းသည် လက်ရှိထုတ်ပြန်ထားသည့် ပြိုင်ပွဲကျင်းပမည့်ရက်များအရ နိုင်ငံတကာ ပြိုင်ပွဲများကို အောက်တိုဘာမှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲနှင့် (၃၁) ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက်မှ ၃၁ ရက်၊ ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်မှ ဒီဇင်ဘာလ ၂ ရက်အထိ ကျင်းပမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းအနေဖြင့် ယင်းပြိုင်ပွဲနှစ်ခုအတွက် အဓိကပြင်ဆင်သွားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှသာ ပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ယခုနှစ်အတွင်း စခန်းဝင်လေ့ကျင့်ရခြင်း မရှိသောကြောင့် ပြင်ဆင်ချိန်ရရှိ စေရန် နှစ်ဆန်းပိုင်းကတည်းက လေ့ကျင့်ပြင်ဆင်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သည် လက်ရွေးစင်အသင်းများအပါအဝင် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း စခန်းဝင်လေ့ကျင့်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ်အဖြစ် ဘူဂေးရီးယားနိုင်ငံသား ပိုပေါ့ဗ်ကို ဆက်လက်တာဝန်ပေးထားပြီး ပဏာမလူစာရင်းကို စခန်းဝင်လေ့ကျင့်ရက် သတ်မှတ်ပြီးပါက ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိခဲ့သည်။
သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-စိုးညွန့်


