ဝေါ  ၁၁  ဒီဇင်ဘာ 

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ်၌ (၁၄)ကြိမ်မြောက်(EXIM BANK) ချေးငွေ ပြန်လည် ပေးဆပ်ရေးနှင့် (၁၅)ကြိမ်မြောက် ချေးငွေပြန်လည်ထုတ်ချေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၁ နာရီက မြို့နယ်သမဝါယမ ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးညွှန်ချက်နှင့် အညီပြုလုပ်ကျင်းပခဲ့သည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်သမဝါယမ ဦးစီး ဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးအေးလွင်က ဝေါမြို့နယ်အတွင်းရှိ ချေးငွေရယူထားသော အသင်း(၂၁၀) အား (၁၄)ကြိမ်မြောက် (EXIM BANK)ချေးငွေ ပြန်လည်ပေးဆပ်ရေးနှင့် (၁၅)ကြိမ်မြောက် ချေးငွေ ပြန်လည် ထုတ်ချေးရေးလုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်သမဝါယမအသင်းစု လီမိတက်ဥက္ကဌ ဦးစန်အေးက အသင်း၏လုပ်ငန်း ဆိုင်ရာများ အား ရှင်းလင်းပြောကြားခဲ့ပြီး ဦးစီးမှူး ဦးဝေလင်းက ချေးငွေပြန်လည်ကောက်ခံရေးနှင့် ပြန်လည်ထုတ် ချေးခြင်း လုပ်ငန်းများ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်နိုင်စေရေးအတွက် အသင်းဥက္ကဌများအား ရှင်းလင်းပြောကြားသည်။

ဝေါမြို့နယ် မြို့နယ်သမဝါယမဦးစီးဌာနမှ ပြန်လည်ပေးဆပ်ရမည့်ငွေမှ EXIM BANK ပံ့ပိုး ချေးငွေဖြစ်သော အရင်းငွေ၏ (၁၆ပုံ ၁ပုံ) အရင်းနှင့်(၁၄)ကြိမ် ထုတ်ချေးငွေ၏(၁ ဒသမ ၇၅ ရာခိုင်နှုန်း)အတိုးဖြင့် (၆)လစာ အတိုးငွေတို့၏ နှစ်ရပ်ပေါင်းငွေပေးဆပ်ရန် ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့အထိ ပြန်လည်ပေးဆပ်ငွေများ လက်ခံဆောင်ရွက်သွား မည်ဖြစ်သည်။

ဝေါမြို့နယ်တွင် ချေးငွေရယူထားသော အသင်း(၂၁၀)ရှိ လွန်ခဲ့သည့် (၇)နှစ်ခန့်က ချေး ယူထားခြင်းဖြစ်ပြီး ရရန်အရင်း ကျပ်သန်းပေါင်း (၁၁၂ ဒသမ ၆၆၅၂၀၀)ကျပ်၊ အတိုး (၂၇၂ ဒသမ ၂၅၇၆၅၀)ကျပ်သန်း၊ စုစုပေါင်းကျပ်သန်း (၃၈၄ ဒသမ ၉၂၂၈၅၀)ကျပ်  ပေးရန်ရှိခဲ့ပြီး စုဆောင်း ငွေအပေါ်အတိုးနှင့် အမှုဆောင် ထောက်ပံ့ကြေး ငွေ(၁၁ဒသမ၀၇၀၀၀၀) ကျပ်သန်း ချီးမြှင့် ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ကိုလွင်(ဆွာ)