နေပြည်တော်၊   ၁၁   ဒီဇင်ဘာ 

ကိုရီးယားသမ္မတနိုင်ငံသို့ အလုပ်သမားများ စေလွှတ်ရေးနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ  ၁၁ ရက် မွန်းလွဲ ၂ နာရီတွင်  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဗီဒီယိုကွန်ဖရင့် ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်သည်။

ဆွေးနွေးပွဲသို့ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာလီဆောင်ဟွာနှင့် တာဝန်ရှိသူများက ဗီဒီယို ကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

ထိုသို့ဆွေးနွေးရာတွင် အလုပ်သမားစေလွှတ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU) သက်တမ်းတိုးမြှင့် လက်မှတ်ရေးထိုးနိုင်ရေး ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနမှ ပေးပို့ လာသည့် MOU (မူကြမ်း)နှင့် စပ်လျဉ်း၍ မြန်မာဘက်မှ ပြင်ဆင်ဖြည့်စွက်လိုသည့် အချက်များကို ကိုရီးယား သမ္မတနိုင်ငံ၊ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနသို့ ပေးပို့ထားမှုအပေါ် အမြန်ဆုံး အကြောင်း ပြန်ကြားပေးရေးကိစ္စရပ်များ၊ နှစ်ဘက်ညှိနှိုင်းအတည်ပြုချက်ရရှိပါက သက်ဆိုင်ရာဌာန၊ ကော်မတီများနှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောထားမှတ်ချက်နှင့် ခွင့်ပြုချက်များရရှိရေး ဆက်လက်ဆောင်ရွက် သွားမည့်အစီအစဉ်များနှင့် ပတ်သက်၍လည်းကောင်း။

ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း မြန်မာနိုင်ငံမှ အလုပ်သမားများစေလွှတ်မှု အခြေအနေများနှင့် ပတ်သက်၍  နားလည်မှုစာချွန်လွှာအရ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် လုပ်သားစေလွှတ်ခြင်းကို ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့ရာ ယနေ့အထိ စုစုပေါင်းလုပ်သား (၄၁,၅၃၈)ဦး စေလွှတ်ခဲ့ပြီး ယခုအခါ ကမ္ဘာနှင့်အဝှမ်း ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသဖြင့် လုပ်သားစေလွှတ်ခြင်း လုပ်ငန်းစဉ်များကို မတ် ၁၈  ရက်မှစတင်၍ ခေတ္တရပ်ဆိုင်းထားခဲ့ပြီး စက်တင်ဘာ ၂ ရက်မှစ၍ Re-entry လုပ်သားများကို ကျန်းမာရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည် စေလွှတ်ခဲ့ရာ နိုဝင်ဘာ ၂၅ ရက်အထိ Re-entry လုပ်သား (၁၉၅)ဦးကို စေလွှတ်သည့် အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း။

Re-entry လုပ်သားလက်ခံမှုကို ကိုရီးယားနိုင်ငံဘက်မှ ယာယီရပ်ဆိုင်းခဲ့သဖြင့် ထွက်ခွာရန်စောင့်ဆိုင်း နေသည့် Re-entry လုပ်သားအများအပြားကျန်ရှိနေပြီး အဆိုပါလုပ်သားများအား အမြန်ဆုံးပြန်လည် လက်ခံနိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ လည်းကောင်း။


နိုဝင်ဘာ ၃၀ ရက်အထိ EPS-TOPIK ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်ထားပြီး တန်းစီဇယားတွင် ကျန်ရှိနေသူ (၄,၁၄၃)ဦးနှင့် ကိုရီးယားသမ္မတ နိုင်ငံတွင် ၄ နှစ် ၁၀ လလုပ်ကိုင်ခဲ့ပြီး Re-entry လုပ်သားအဖြစ် ပြန်လည်ထွက်ခွာမည့် လုပ်သား (၁,၁၃၀) တို့ ကျန်ရှိနေသဖြင့် အဆိုပါ အလုပ်သမား များ အမြန်ဆုံးခေါ်ယူပေးနိုင်ရေးနှင့် ပတ်သက်၍လည်းကောင်း။

၁၂ ကြိမ်မြောက် အရည်အချင်းစစ် စာမေးပွဲအောင်မြင်ထားသူများအနက် အလုပ်ခေါ်စာမရရှိသေး၍ တန်းစီဇယားတွင် ကျန်ရှိနေသူ (၃,၄၈၁)ဦးသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း တန်းစီဇယား သက်တမ်း (၂)နှစ် ကုန်ဆုံးမည်ဖြစ်သည့်အတွက် ၎င်းတို့၏ တန်းစီဇယား သက်တမ်းကို (၁)နှစ် ထပ်မံတိုး ပေးနိုင်ရေးအခြေအနေများ၊ ကိုဗစ်-၁၉ ကာလအတွင်း အသွားအလာကန့်သတ်ချက်များကြောင့် ၁၄ ကြိမ် မြောက် EPS-TOPIK ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲအတွက် လျှောက်လွှာထုတ်ပေး ၊ လက်ခံ ခြင်းကို Mobile Application အသုံးပြု၍ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလအတွင်းဆောင်ရွက်လိုကြောင်း HRD-Korea မှ နိုဝင်ဘာ ၁၇ ရက်တွင် အကြောင်းကြားလာခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိသည့် အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း။

မြန်မာနိုင်ငံမှ လုပ်သားသစ်များ စတင်စေလွှတ်ချိန်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေး အတွက် နှစ်နိုင်ငံ သတ်မှတ်ထားသည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုရီးယား သမ္မတနိုင်ငံ၏ ပြည်ဝင်ခွင့်သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားနိုင်ရေးနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အလုပ်သမားများစေလွှတ်နိုင်ရေး အခြေအနေများနှင့်ပတ်သက်၍ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း  သိရသည်။ 

သတင်းစဉ်