နေပြည်တော်၊   ၁၁   ဒီဇင်ဘာ

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဇီဝနည်းပညာ၊ မျိုးစေ့ဘဏ်နှင့် သီးနှံကာကွယ်ရေးဌာနခွဲ၊ အပင်ရောဂါ သုတေသနဌာနစု၏ သုတေသနပညာရှင်များသည် တောင်သူများ၏ စိုက်ပျိုးသီးနှံများပေါ်တွင် ကျရောက်တက်သော ရောဂါများ ကြိုတင်ကာကွယ်နည်းများ၊ ရောဂါကျရောက်လာပါကလည်း ဘက်စုံရောဂါကာကွယ်နှိမ်နင်းရမည့် နည်းလမ်းများအား နည်းပညာပေး ဖြန့်ဝေလျက်ရှိ‌ကြောင်း သိရသည်။

သို့ဖြစ်၍  ရှမ်းပြည်နယ်ရှိ အာလူးစိုက်ပျိုးသော ဒေသခံတောင်သူများအား အာလူးလောင်မဲရောဂါနှင့် ပတ်သက်၍ ရောဂါကြိုတင်ခန့်မှန်းခြင်း ပညာပေးဆွေးနွေးခြင်း (Virtual Training) အွန်လိုင်းသင်တန်း ကို ဒီဇင်ဘာ ၁၀ ရက်က ကျင်းပသည်။

အဆိုပါသင်တန်းတွင် အပင်ရောဂါသုတေသနဌာနမှ သုတေသနပညာရှင် ဒေါက်တာသက်ရည်ခိုင်က သင်ကြားပို့ချခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ အပင်ရောဂါသုတေသနပညာရှင်များ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်း၊ တာယောနှင့် ထုံးဘိုစိုက်ပျိုးရေးသုတေသနခြံများ၏ တာဝန်ခံများနှင့် တောင်သူများ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲ၊ နောင်မွန် စိုက်ပျိုးရေးသုတေသနခြံများ၏ တာဝန်ခံများနှင့် တောင်သူများနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ စိုက်ပျိုးရေးသုတေသနခြံ တာဝန်ခံနှင့် တောင်သူများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။

သင်တန်းတွင် အာလူးလောင်မဲ ရောဂါကြိုတင်ခန့်မှန်းခြင်းနှင့် ပတ်သက်၍ ရောဂါဖြစ်ပွားရခြင်း၏ အခြေခံအကြောင်းအရင်းများဖြစ်သော လက်ခံပင်၊ ရောဂါဖြစ်စေသော သက်ရှိ (ဘတ်တီးရီးယား၊ မှို၊ ဗိုင်းရပ်စ်၊ နီမတုတ်)၊ ပတ်ဝန်းကျင်အခြေအနေ (နေ့/ည အပူချိန်၊ စိုထိုင်းဆ)နှင့် စိုက်ပျိုးသူ (ရောဂါဖြစ်စေမှုကို ဟန့်တားနိုင်သူ) တို့ ဆက်စပ်နေမှုအကြောင်း၊ ရောဂါကြိုတင်ခန့်မှန်းရာတွင် သိရှိ သင့်သော အရေးကြီးသည့်အချက်များ၊ ရောဂါစက်ဝန်းလည်ပတ်ပုံ အမျိုးအစားများ၊ အာလူးလောင်မဲ ရောဂါဖြစ်စေသော သက်ရှိမှိုအကြောင်းနှင့် ဘဝစက်ဝန်းလည်ပတ်ပုံ၊ ရောဂါသွင်ပြင်လက္ခဏာနှင့် ကျရောက်နိုင်သော လက်ခံပင်များအကြောင်း၊ အာလူးလောင်မဲရောဂါဖြစ်ရန် အားပေးသည့် ရာသီဥတု နှင့် ပတ်ဝန်းကျင်အခြေအနေ၊ ရောဂါကြိုတင်ခန့်မှန်းရမည့် နည်းလမ်းများ၊ ရောဂါ၏ ပြင်းထန်မှုအလိုက် သီးနှံပင်ကို ထိခိုက်ပျက်စီးဆုံးရှုံးနိုင်မှုများ၊ ရောဂါဘက်စုံ ကာကွယ်နှိမ်နင်းနည်းစနစ်များအား ရှင်းလင်းဆွေးနွေးသည်။ Virtual Training သင်တန်းသို့ တက်ရောက်လာသူများက အာလူးလောင်မဲ ရောဂါနှင့်ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းကြရာ အပင်ရောဂါ သုတေသနပညာရှင်များက ပြန်လည်ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

မေမိုးသဲ