နေပြည်တော်၊  ၁၁   ဒီဇင်ဘာ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး‌သောင်းထွန်းသည် ဒီဇင်ဘာ  ၁၁  ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးနှင့် Zhejiang ပြည်နယ် ကုန်သွယ်ရေးဉီးစီးဌာနတို့ဉီးဆောင်၍ Zhejiang အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဗဟိုဌာန၊ Chinese Enterprises Chamber of Commerce နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ကျင်းပသည့် "Matchmaking Conference on China (Zhejiang)-Myanmar Investment Cooperation Promotion" ဆွေးနွေးပွဲသို့ Video Conferencing စနစ်ဖြင့် တက်ရောက်၍ အမှာစကားပြောကြားသည်။

ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား နှစ်ဦးနှစ်ဖက် အကျိုးရှိစေသည့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာလာပါကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် ရေးကို ကြိုးပမ်းရာတွင် စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းများမှသည် နိုင်ငံတကာဈေးကွက်သို့ တင်ပို့မည့် စက်မှုကုန်ထုတ်လုပ်ငန်းများ ထူထောင်ရာတွင်လည်းကောင်း၊ အခြေခံအဆောက်အအုံလုပ်ငန်း များနှင့် စွမ်းအင်ကဏ္ဍတွင်လည်းကောင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို အသိအမှတ်ပြုပါကြောင်း ပြောကြား သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အားပေးဖိတ်ခေါ် လျှက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊  မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မကြာသေးမီက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ပါဝင်လက်မှတ် ရေးထိုးခဲ့သည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) စာချုပ်အား ဆက်လက်ဖော်ဆောင်ရာ၌ နှစ်နိုင်ငံ အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးမြှင့်လာနိုင်ရေး အလားအလာများကို လည်းကောင်း ပြောကြားသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန၏ ကိုယ်စားလှယ်က မြန်မာနိုင်ငံရှိ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ဥပဒေမူဘောင်နှင့် ရင်းနှီးမြှုပ်နှံစေလိုသည့် ဉီးစားပေးကဏ္ဍများနှင့် အခွင့်အလမ်းများကို လည်းကောင်း၊ သက်ဆိုင်ရာစီမံကိန်းတာဝန်ရှိပုဂ္ဂိုလ်များက ရန်ကုန်မြို့သစ် စီမံကိန်း၊ ပုသိမ်စက်မှုမြို့တော် စီမံကိန်း၊ အလားအလာရှိသော မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ငန်းများ၊ ချည်မျှင်အထည်အလိပ် ကဏ္ဍနှင့် အခြေခံအဆောက် အအုံဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့်  ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များ၏ မေးမြန်းချက်များကိုလည်း ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု တွင်လည်း အဓိကအရင်းအမြစ်တစ်ခုဖြစ်သည်။ Zhejiang ပြည်နယ်သည် တရုတ်နိုင်ငံအတွင်း ရန်စီမြစ်ဝ ကျွန်းပေါ် တောင်ဘက်တွင် တည်ရှိပြီး တရုတ်နိုင်ငံ  စုစုပေါင်း  မြေဧရိယာ၏ ၁ ရာခိုင်နှုန်း၊ စုစုပေါင်း လူဦးရေ၏ ၄ ရာခိုင်နှုန်းနှင့် နိုင်ငံ ဂျီဒီပီ၏ ၆ ဒသမ ၃ ရာခိုင်နှုန်းကို လွှမ်းခြုံထားသည့် ပြည်နယ်တစ်ခု ဖြစ်သည်။  Zhejiang ပြည်နယ်၏ ပုဂ္ဂလိကစီးပွားရေးသည်လည်း များစွာတိုးတက်လျက်ရှိပြီး တရုတ်နိုင်ငံ၏ ထိပ်တန်း ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း ၅၀၀ တွင် Zhejiang ကုမ္ပဏီ ၉၂ ခု ပါဝင်လျက်ရှိသည်။ ၎င်းကုမ္ပဏီ များတွင် သတင်းနှင့် နည်းပညာ၊ သဘာဝပတ်ဝန်းကျင်ကာကွယ်မှု၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်း၊ ဖက်ရှင် လုပ်ငန်း၊ ဘဏ္ဍာရေးလုပ်ငန်း၊ အဆင့်မြင့်ကိရိယာများ ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်း များ အပါအဝင် “ထရီလီယံ စက်မှုလုပ်ငန်း ရှစ်ခု” ပါဝင်သည်။ အဆိုပါ လုပ်ငန်းများသည် လုပ်သားအခြေပြု စက်မှုလုပ်ငန်းများ အပါအဝင် အရည်အသွေးမြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် ရှေ့ဆောင် လုပ်ငန်းများလည်း ဖြစ်သည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ၊  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ Zhejiang ပြည်နယ်ကုန်သွယ်ရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ၊ CECCM ဉက္ကဋ္ဌနှင့် မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း လူဦးရေ (၁၄၀) ခန့် တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်