၁။ ၂၀၁၉-၂၀၂၀ ခုနှစ် မိုးစပါးရိတ်သိမ်းရာတွင် အချိန်မီရိတ်သိမ်းနိုင်ရန်နှင့် အခြောက်ခံနိုင်ရန် အတွက် ရိတ်သိမ်းခြွေလှေ့စက် (Combine Harvester)များနှင့် အခြောက်ခံစက် (Dryer)များကို ရွှေ့ပြောင်းသယ်ယူပို့ဆောင်ရေးနှင့် တပ်ဆင်အသုံးပြုရေး၊ ဆောင်းသီးနှံ ထွန်ယက်စိုက်ပျိုးရေး အတွက် ထွန်စက်ကြီးများ ရွှေ့ပြောင်းဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်ကြမည့် မောင်းနှင်သူများ နှင့် ကျွမ်းကျင်သူများအား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ညှိနှိုင်းဆောင်ရွက်မှု ဖြင့် “မြို့နယ်အဆင့် လယ်ယာသုံးစက်ကိရိယာများ ရွှေ့ပြောင်းအသုံးချနိုင်ရေး ပူးပေါင်းညှိနှိုင်းရေး အဖွဲ့” အား ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ တောင်သူလယ်သမားများအပါအဝင် သီးနှံစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသူ ပုဂ္ဂလိကနှင့် အဖွဲ့အစည်းများအနေဖြင့် သီးနှံများ ရိတ်သိမ်းရာတွင် အသုံးပြုရန် စက်ကိရိယာများ၊ ရိတ်သိမ်းခြွေလှေ့စက်များ လိုအပ်ပါက သက်ဆိုင် ရာ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနများသို့လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်၊ ဖုန်းနံပါတ် ၀၆၇-၄၃၁၂၁၈ နှင့် ၀၆၇-၄၁၀၅၂၆ တို့သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန


