ဘုတလင် ၊    ၁၂     ဒီဇင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာပြင်ဆင်ထားပြီး စံသတ်မှတ်ချက် (A) အဆင့် ရရှိသည့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင် ၁၆ ဆိုင်ကို ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်စိုးထံမှ သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုထားခဲ့သည့် လက်ဘက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များတွင် အပူချိန်တိုင်းကိရိယာများနှင့် လက်ဆေးဘေလ်စင်များ ထားရှိမှု၊ လေဝင်လေထွက် ကောင်းမွန်မှု၊ သတ်မှတ်အကွာအဝေးနှင့်အညီ ပြင်ဆင်ထားရှိမှု၊ နှာခေါင်း စည်းနှင့် Face Shield များ တပ်ဆင်ရောင်းချမှု၊ အသိပညာပေးဗီနိုင်းများ ချိတ်ဆွဲ ပြသထားမှု အခြေအနေများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင် နှင့် ကော်မတီဝင် ဌာနဆိုင်ရာများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး စံသတ်မှတ်ချက် (A) အဆင့် ရရှိသည့်ဆိုင်များကို ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

 

“ဘုတလင်မြို့နယ်မှာ လက်ဘက်ရည်ဆိုင် ၁၉ ဆိုင်၊ စားသောက်ဆိုင် ၁၃ ဆိုင်၊ စုစုပေါင်း  ၃၂ ဆိုင် ရှိပါတယ်။ ကွင်းဆင်းစစ်ဆေးပြီးတဲ့ ဆိုင်တွေထဲက စံသတ်မှတ်ချက် (A) အဆင့် ရရှိတဲ့ ၁၆ ဆိုင်ကို တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ကတစ်ဆင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြခဲ့ပြီးမှ ဆိုင်ထိုင်စနစ်နဲ့ ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုခဲ့တာပါ” ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင် စိုးက ပြောသည်။

 

ဘုတလင်မြို့နယ်တွင် ဖွင့်လှစ်ရန် ကျန်ရှိသည့် ဆိုင်များကိုလည်း ဆက်လက်ကွင်းဆင်းစစ်ဆေးပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားကာ စံသတ်မှတ်ချက် (A) အဆင့် ရရှိပါက ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)