ရန်ကုန်၊ ၁၂ ဒီဇင်ဘာ
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလတွင် အပြင်ထွက်တိုင်း နှာခေါင်းစည်း တပ်ဆင်ကြရန်နှင့် ပြည်သူများ ပေါ့လျော့မှုမရှိစေရန်အတွက် ကမ်ပိန်းများ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၂ ရက် နံနက် ၉ နာရီအချိန်၌ လင်းစဒေါင့်ပျံကျဈေး၊ ဘိုကလေးဈေးနှင့် ချမ်းမြေ့ဈေးများတွင် နှာခေါင်းစည်း (Mask)နှင့် Face Shield များ အခမဲ့ဖြန့်ဝေဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဗိုလ်တထောင်မြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်သောင်း၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ကြပြီး နှာခေါင်းစည်း (Mask) (၅၀၀)နှင့် Face Shield (၅၀၀) တို့ကို အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။ ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ဈေးများ၊ ကားမှတ်တိုင်များနှင့် ရပ်ကွက်များသို့ သွားရောက်၍ အိမ်တိုင်ရာရောက်နေ့စဉ် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်၊၊
သိန်းသိန်း(ဗိုလ်တထောင်)


