ကျောက်မဲ၊ ၁၂  ဒီဇင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ခေးနင်းကျေးရွာအုပ်စု၊ ခေးနင်းကျေးရွာနှင့် ဖီတစ်(အောက်)ကျေးရွာ မီးလင်းရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် လုပ်ငန်းများ ပြီးစီး၍ ကျေးရွာ လျှပ်စစ်မီးရရှိပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ခေးနင်းကျေးရွာနှင့် ဖိတင်(အောက်)   ကျေးရွာ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေ  ၉၆ ဒသမ ၉၇၃ ကျပ်သန်းဖြင့် ET & Associates ကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ပြီး  ခေးနင်းကျေးရွာအတွက် ၁၁ ကေဗွီ ACSR ဓာတ်အားလိုင်း ၀ ဒသမ ၇ မိုင်၊ ၁၁/၀ ဒသမ ၄ ကေဗွီ (၅၀)ခွဲရုံ  ၁ ရုံ၊ ၄၀၀ ဗို့ AAC ဓာတ်အားလိုင်း ၀ ဒသမ ၄ မိုင်တို့ကိုနှင့် ဖိတင်(အောက်)ကျေးရွာအတွက် ၁၁ ကေဗွီ ACSR ဓာတ်အားလိုင်း ၀ ဒသမ ၆ မိုင်၊ ၁၁/၀ ဒသမ ၄ ကေဗွီ (၅၀) ကေဗွီအေခွဲရုံ ၁ ရုံ ၊ ၄၀၀ ဗို့ AAC ဓါတ်အားလိုင်း ၀ ဒသမ ၄ မိုင်တို့ကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ခေးနင်းကျေးရွာနှင့် ဖိတင်(အောက်)ကျေးရွာသို့ ယမန်နေ့မှစ၍ မီးထုတ်လွှတ် ပေးပြီဖြစ်သည့်အတွက် အဆိုပါ ကျေးရွာရှိ ပြည်သူများ လျှပ်စစ်ကို အန္တရာယ်ကင်းစွာ အသုံးပြုတတ်စေရေးအတွက်  အသိပညာပေးဆွေးနွေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများတို့ကို  သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများ၌ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးသောင်းလွင်ဦးနှင့် ဝန်ထမ်းများမှ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ခေးနင်းကျေးရွာတွင်  အိမ်ခြေ ၇၀အိမ်၊ ဖီတစ်(အောက်)  ကျေးရွာတွင် အိမ်ခြေ ၃၆ အိမ် စုစုပေါင်း အိမ်ခြေ ၁၀၀ ကျော်ရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)