ရန်ကုန်၊ ၁၂ ဒီဇင်ဘာ
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၂၈) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ဒီဇင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီက Zoom Application အသုံးပြု၍ Virtual Meeting ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ကျင်းပရာတွင် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးသဘာပတိ ဥက္ကဋ္ဌ ဦးမြင့်ကြူက နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က လမ်းညွှန်အမှာစကားများ ပြောကြား ခဲ့ကြသည်။
“အသင်းအနေနဲ့ စားသုံးဆီ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းအပိုင်းတွေမှာ တာဝန်ယူ၊ တာဝန်ခံမှု အပြည့်အဝရှိတဲ့ စနစ်တစ်ခု အကောင်အထည်ဖော်ဖို့ တိုက်တွန်းအပ်ပါတယ်။ စားသုံးဆီ လုပ်ငန်းရှင်များ အနေနဲ့ မိမိတင်သွင်း၊ ထုတ်လုပ်ဖြန့်ဖြူးသော စားသုံးဆီများကို စားသုံးသူတစ်စိတ်တစ်ပိုင်း ဝယ်ယူနိုင်သည့် ထုပ်ပိုးမှုစနစ်ဖြင့် ဈေးကွက်ကို ပို့ဆောင်နိုင်ရေးကိုလည်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က လမ်းညွှန်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက အမှာစကားပြောကြားပြီး ၂၀၁၉ ခုနှစ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ အစီရင်ခံစာနှင့် နှစ်ချုပ်စာရင်းစစ်ချက် အစီရင်ခံစာကို အထွေထွေအတွင်းရေးမှူး ဦးပိုင်ဖြိုးသန့်က ဖတ်ကြားတင်ပြခဲ့သည်။ ဆက်လက်၍ ကော်မတီ၏ အစီရင်ခံစာနှင့် နှစ်ချုပ်ငွေစာရင်းစစ် အစီရင်ခံစာအား အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ၂၀၂၀-၂၀၂၃ ခုနှစ် အမှုဆောင် သက်တမ်းအတွက် ဗဟိုအလုပ်အမှုဆောင် ၃၂ ဦးနှင့် အလုပ်အမှုဆောင် ၅၁ ကို ရွေးချယ်တင်မြှောက်ခဲ့ကြပြီး ဥက္ကဋ္ဌသစ်အဖြစ် ဦးဆန်းလင်းက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က လက်ရှိမြန်မာနိုင်ငံတွင် ဆီထုတ်လုပ်မှု ကဏ္ဍ၌ အားနည်းနေပြီး အခြေခံစားကုန်တစ်မျိုးဖြစ်သည့် ဆီကိုစတင်စိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချသည့် ကဏ္ဍနယ်ပယ် အသီးသီးတွင် တိုးတက်အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းကြရန် လိုအပ်ကြောင်းနှင့် အစိုးရအဖွဲ့အနေဖြင့် လိုအပ်သော အခန်းကဏ္ဍတွင် ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထင်ပေါ်ဝင်း(ကမာရွတ်)


