မန္တလေး၊  ၁၂  ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် သီရိမာလာအနောက်ရပ်ကွက်ရှိ သီရိမာလာဈေးအား ဒီဇင်ဘာ ၁၂ ရက်မှစ၍ တစ်ပတ်ကြာ ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

 

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဈေးနှင့် သားသတ်ဌာန လက်အောက်ရှိ သီရိမာလာဈေးတွင် ဒီဇင်ဘာ ၈ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် လူနာ (၅၉)ဦးရှိပြီး Facility Quarantine ဝင်ရောက်ရသူ (၁၀၆)ဦးထိ ရှိလာခြင်းတို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ သီရိမာလာဈေးနှင့် ဈေးဝန်းကျင်ရှိ ဈေးဆိုင်များနှင့် ပွဲရုံများအား ဒီဇင်ဘာ ၁၂ ရက်မှ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ တစ်ပတ်ကြာ ခေတ္တယာယီပိတ်ထားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အောင်မြေသာစံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်ဖြိုးထံမှ သိရသည်။

 

အဆိုပါဈေး ယာယီပိတ်ထားမှုအား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အောင်မြေသာစံမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ သီရိမာလာဈေးအတွင်းနှင့် အပြင်ဘက်တန်းများတွင် ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချမှုများမရှိစေရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)