မုံရွာ၊ ၁၂ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ဖန်းခါးကျင်းကျေးရွာ၌ မြစိမ်းရောင် စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း ၄၀၀ ဗို့အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မုံရွာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ဖန်းခါးကျင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်းက စတင်ဆောင်ရွက်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် လျှပ်စစ်မီး ရရှိရေးအတွက် ကျေးရွာတွင်း ၄၀၀ ဗို့အားလိုင်း ၂၁၀၀ ပေ သွယ်တန်းခြင်း လုပ်ငန်းများကို မြစိမ်းရောင် စီမံကိန်းမှ အတိုးရငွေကျပ် ၁၁ ဒသမ ၅၃ သန်းဖြင့် စက်တင်ဘာလအတွင်း စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သောကြောင့် အိမ်ခြေ ၁၃၈ အိမ်မှ လူဦးရေ ၆၈၀ ဦးတို့ လျှပ်စစ်မီး ရရှိနေပြီဖြစ်ကြောင်း သိရသည်။
မုံရွာမြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်းကို ကျေးရွာ ၃၃ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျေးရွာပေါင်း ၈ ရွာ၌ အိမ်တိုင်ရာရောက် ရေမီတာစနစ်ဖြင့် ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းတစ်ခု၊ လျှပ်စစ်မီးလင်းရေးလုပ်ငန်း နှစ်ခု၊ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း သုံးခု၊ ကျေးရွာဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ခြင်းလုပ်ငန်းနှစ်ခုတို့အား မြစိမ်းရောင် စီမံကိန်း အတိုးရငွေ ကျပ် ၈၈၇ ဒသမ ၃ သန်း၊ ပြည်သူထည့်ဝင်ငွေ ၂၂၁ ဒသမ ၃၅ သန်း စုစုပေါင်း ၁၁၀၈ ဒသမ ၆၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း မုံရွာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
စိုးမိုးကျော်


