ရန်ကုန်၊ ၁၂ ဒီဇင်ဘာ
မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် Digital Literacy ပညာပေးအစီအစဉ်တစ်ခုကို ရိုးမဘဏ်နှင့် Httpool တို့က လာမည့် ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ အင်တာနက်သုံးစွဲသူအများစုမှာ လူမှုကွန်ရက်အသုံးပြုခြင်းနှင့် အွန်လိုင်းမှ တိုက်ရိုက် ဗီဒီယိုကြည့်ရှုခြင်းများကိုသာ အဓိကထား ပြုလုပ်လေ့ရှိကြသည်။ အင်တာနက်သုံးစွဲမှုနှင့် သုံးစွဲနိုင်သည့် အခြေအနေမှာ တစ်စတစ်စတိုးတက်လာသော်လည်း သုံးစွဲသူအများစုမှာ ဒစ်ဂျစ်တယ် သို့မဟုတ် မိုဘိုင်းဘဏ်စနစ်များနှင့် ရင်းနှီးကျွမ်းဝင်မှု နည်းနေသေးသည်။ ထိုသို့ဖြစ်ရခြင်းမှာ သုံးစွဲသူများ အနေဖြင့် ဒစ်ဂျစ်တယ်နည်းပညာ သိရှိနားလည်မှုနှင့် လက်တွေ့အသုံးချနိုင်မှုတွင် အားနည်းခြင်း တို့ကြောင့်ဖြစ်ကြောင်း သိရသည်။
ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများကို တွင်ကျယ်စွာ အသုံးပြုနိုင်စေရန် အကောင်အထည်ဖော် လုပ်ဆောင်ရာတွင် အကန့်အသတ်များ ဖြစ်ပေါ်စေလျက်ရှိသည်။
ထို့အတွက်ကြောင့် ရိုးမဘဏ် အနေဖြင့် အသေးစားနှင့် အလတ်စား စီပွားရေးလုပ်ငန်းများအတွက် Digital Literacy ဆိုင်ရာ အွန်လိုင်း ပညာပေးဟောပြောပွဲ အခမ်းအနားတစ်ခုကို ကျင်းပနိုင်ရန် Httpool နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။ အဓိက ရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဒစ်ဂျစ်တယ်အသိပညာများကို ပြည့်ဝစွာ အသုံးချပြီး ဈေးကွက်ချဲ့ထွင်ခြင်းနှင့် ဈေးကွက် ရှာဖွေခြင်းတို့အပြင် မြန်မာ့လူမှုကွန်ရက်ပေါ်တွင် နေ့စဉ်တက်ကြွစွာ တည်ရှိနေသည့် လူသန်းပေါင်း များစွာထံ လုပ်ငန်းနှင့်သက်ဆိုင်သော အချက်အလက်များ ပျံနှံ့ရောက်ရှိနိုင်စေရန် ဖြစ်သည်။ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအနေဖြင့်လည်း ၎င်းတို့၏ ဒစ်ဂျစ်တယ် အသိပညာ များကို အလုံးစုံတိုးမြှင့်ခြင်းနိုင်ခြင်းဖြင့် အကျိုးအမြတ်များ ပိုမိုဖြစ်ထွန်းလာနိုင်သည်။
“ငွေကြေးနဲ့ ဒစ်ဂျစ်တယ်နည်းပညာ သိရှိနားလည်မှု သင်တန်းတွေ၊ အစီအစဉ်တွေကနေတစ်ဆင့် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို(SMEs) တွေကို ဘဏ်တွေနဲ့ ရိုးရှင်းလွယ်ကူစွာ ဘယ်လို အလုပ်လုပ်ရမလဲဆိုတာ နားလည်စေနိုင်ပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် သူတို့ စီးပွားရေး တည်တံ့ခိုင်မြဲစေဖို့နဲ့ ငွေကြေးပိုင်းဆိုင်ရာတည်ငြိမ်မှုရှိစေဖို့ ဘာတွေအဓိကလိုအပ်သလဲဆိုတာ သိရှိသွားစေပါတယ်”ဟု ရိုးမဘဏ်၏ အမှုဆောင်အရာရှိချုပ် Mr. Dean Cleland က ပြောကြားသည်။
ဒစ်ဂျစ်တယ်နည်းပညာနှင့် လူမှုကွန်ရက်များသည် စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို ဈေးကွက်အတွင်းမိတ်ဆက်ခြင်း၊ ဖြန့်ဖြူးခြင်းတို့အတွက် ပိုမိုအရေးပါလျက်ရှိသည်။ ထို့ကြာင့် စီးပွားရေးလုပ်ငန်းများသည် လျင်မြန်စွာတိုးတက်လာပြောင်းလဲလာနေမှုများကို အမှီလိုက်နိုင် ရန် ဒစ်ဂျစ်တယ်၊ ဘဏ်နှင့် ငွေကြေးပိုင်းဆိုင်ရာ အသိပညာအသစ်များကို လိုအပ်လာလျက်ရှိသည်။ ထို့အပြင် လူမှုကွန်ရက်ပေါ်တွင် စားသုံးသူနှင့် အပြန်အလှန်ထိတွေ့ဆက်ဆံနိုင်မှုလည်း အရေးပါလာ မည်ဖြစ်ကြောင်း သိရသည်။
မောင်စိန်လွင်(မြန်မာ့အလင်း)


