နေပြည်တော်၊    ၁၂    ဒီဇင်ဘာ

လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၂၀ ခုနှစ်) အတွက် နည်းဥပဒေ မူကြမ်းရေးဆွဲရေး (ပဉ္စမ အကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ  ၁၁ ရက် ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဖေဖော်ဝါရီ ၁၄ ရက်က နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ဖြစ်သည့် လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၂၀ ခုနှစ်)အတွက် နည်းဥပဒေမူကြမ်းရေးဆွဲ ရေးလုပ်ငန်းများကို (ပဉ္စမအကြိမ်) ဆောင်ရွက်ခြင်းဖြစ်ပြီး လယ်ယာမြေ စီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာန၊ စက်မှု လယ်ယာဦးစီးဌာနနှင့် ဆက်စပ်ဌာနများမှတာဝန်ရှိသူများက နည်းဥပဒေမူကြမ်းတွင် ထည့်သွင်း ပါဝင်သင့်သည့် အစိတ်အပိုင်းများအလိုက် တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆောင်ရွက်ရန်လိုအပ်ချက်များနှင့် ရွှေ့ပြောင်းတောင်ယာမြေ စိုက်ပျိုးခြင်းဆိုင်ရာ ကိစ္စနှင့် ပတ်သက်သော နည်းဥပဒေမူကြမ်းအပိုဒ်၊ အပိုဒ်ခွဲများကို အဓိကထား၍ သေးစိတ် သုံးသပ်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

သတင်းစဉ်