နေပြည်တော်၊ ၁၂ ဒီဇင်ဘာ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်သည့် အမျိုးသား စာကြည့်တိုက် (နေပြည်တော်)နှင့် (ရန်ကုန်)ကို e-Library ချိတ်ဆက်ခြင်းနှင့် ဝန်ဆောင်မှု အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၃ နာရီက အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးအောင်မြင့်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ နှင့် Lantro(Myanmar)ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က အမျိုးသားစာကြည့်တိုက်(နေပြည်တော်)နှင့် (ရန်ကုန်)ကို e-Library ချိတ်ဆက်ခြင်းနှင့် ဝန်ဆောင်မှုအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှု လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် Lantro(Myanmar)ကုမ္ပဏီမှ Managing Director ဦးဇော်မြင့်ဦးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင် ရွက်ပြီးစီးမှုများကို အသေးစိတ်ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ယနေ့ တင်ပြချက် များနှင့်ပတ်သက်၍ Union Catalogue အနေဖြင့် ရှမ်းဗုဒ္ဓတက္ကသိုလ်၊ ပခုက္ကူကွန်ပျူတာတက္ကသိုလ် များနှင့် ချိတ်ဆက်သည့်ကိစ္စမှာ ကောင်းမွန်ကြောင်း၊ အဓိကဦးစားပေး(၁)အနေဖြင့် အမျိုးသား စာကြည့် တိုက် (ရန်ကုန်)နှင့် ချိတ်ဆက်နိုင်ရမည်ဖြစ်ပါကြောင်း၊ ဦးစားပေး(၂)အနေဖြင့် ပြည်တွင်းရှိ တက္ကသိုလ်/ ကောလိပ် စာကြည့်တိုက်များနှင့် ချိတ်ဆက်ရမည်ဖြစ်ကြောင်း၊ ဦးစားပေး(၃)အနေဖြင့် နိုင်ငံတကာ စာကြည့်တိုက်များနှင့် ချိတ်ဆက်ရန် ဆက်လက်ကြိုးပမ်းရမည်ဖြစ်ပါကြောင်း၊ နေပြည်တော်တွင် တည်ရှိ သည့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးကုသရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ် များနှင့်လည်း ချိတ်ဆက်ရမည်ဖြစ်ကြောင်း၊ ဆက်လက်၍ အခြား နည်းပညာတက္ကသိုလ်များ၊ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်များနှင့် ချိတ်ဆက်ပြီး နည်းပညာနှင့် ဝိဇ္ဇာသိပ္ပံဆိုင်ရာစာအုပ်၊ စာတမ်းများကို အများပြည်သူ လွယ်လင့်တကူ ဖတ်ရှုနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်များသည် ပညာရှင်များ အတွက် သုတေသနပြုရန် နေရာများဖြစ်၍ တိုင်းပြည်အတွက် နည်းပညာဆိုင်ရာ၊ ဝိဇ္ဇာပညာရပ်ဆိုင်ရာ သုတေသနစာတမ်းများ ပေါ်ထွန်းလာရန် မျှော်တွေးပြီး ယခုကဲ့သို့ ချိတ်ဆက်နိုင်ရန် ကြိုးစားဆောင်ရွက် စေလိုခြင်းဖြစ်ကြောင်း။
စာကြည့်တိုက် ဝန်ထမ်းများအနေဖြင့်လည်း စာကြည့်တိုက်ပညာနှင့်ပတ်သက်၍ အခြေခံသင်တန်း၊ အဆင့်မြင့်သင်တန်း၊ ဘွဲ့လွန်သင်တန်း စသည့်သင်တန်းအဆင့်ဆင့်ကို ပြည်တွင်း၊ ပြည်ပ တက်ရောက် သင်ကြားနိုင်ရန် လိုအပ်ကြောင်း၊ အဆင့်မြင့်စာကြည့်တိုက်ပညာရပ်ကို လေ့လာသင်ကြားနိုင်မှသာ အဆင့်မြင့်စာကြည့်တိုက် ဝန်ဆောင်မှုများကို ပေးနိုင်မည်ဖြစ်ကြောင်း၊ စာကြည့်တိုက်ပညာရပ်သည် အလွန်ကျယ်ပြန့်ပြီး လေ့လာ၍ မကုန်နိုင်ကြောင်း၊ စာကြည့်တိုက်အတွင်း လေ့လာခြင်းဖြင့် မဟာဘွဲ့များ၊ ပါရဂူဘွဲ့များ ရရှိသွားနိုင်သည့်အတွက် စာကြည့်တိုက်သည်လည်း တက္ကသိုလ်တစ်ခုပင်ဖြစ်ပါကြောင်း၊ နိုင်ငံအတွက် လိုအပ်သည့် သိပ္ပံပညာရှင်များ၊ ဝိဇ္ဇာပညာရှင်များ၊ နည်းပညာရှင်များ ပေါ်ထွန်းလာရန် အတွက် ဝန်ဆောင်မှုပေးသည့်၊ ပြုစုပျိုးထောင်ပေးသည့် နေရာဌာန၊ သုတေသနဌာနကြီးဖြစ်ရန် အားလုံးဝိုင်းဝန်းကြိုးပမ်းသွားကြရန် တာဝန်ရှိကြောင်း၊ အမျိုးသားစာကြည့်တိုက်တွင် e-Library ထူထောင်ပြီးသည်ကို တက္ကသိုလ်များ၊ အခြားစာကြည့်တိုက်များ သိရှိရန်လိုအပ်ကြောင်း၊ တက္ကသိုလ်/ ကောလိပ်များမှ စာကြည့်တိုက်မှူးများ၊ သင်ကြားရေးဌာနများမှ ဆရာ၊ ဆရာမများကို ဖိတ်ကြားပြီး စာကြည့်တိုက်၏ ဝန်ဆောင်မှုပေးနိုင်သည့် အခန်းကဏ္ဍများကို ရှင်းလင်းပေးရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ပြီးသွားသည့်ကာလတွင် စာကြည့်တိုက်သည် စာပေဖတ်ရှု လေ့လာလိုသူများ၊ သုတေသီများ နှင့် စည်ကားပြီး သက်ဝင်လှုပ်ရှားနေရမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်ရှင်သန်နေစေရန် နည်းမျိုးစုံဖြင့် လုပ်ဆောင်နေရမည်ဖြစ်ပါကြောင်း။
စာကြည့်တိုက် လုပ်ငန်းများ ရှင်သန်နေရန်၊ မျိုးဆက်သစ်ဖြစ်သော အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများ၏ သုတေသနလိုအပ်ချက်များ ဝန်ဆောင်မှု အပြည့်အဝပေးနိုင်သည့် နေရာဌာန ဖြစ်လာရန်နှင့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အပါအဝင် ပြည်တွင်းရှိ တက္ကသိုလ်/ ကောလိပ်စာကြည့်တိုက်များနှင့် ချိတ်ဆက်ပြီးနောက် နိုင်ငံတကာ စာကြည့်တိုက်များနှင့်ပါ ချိတ်ဆက်နိုင်ရေး ကြိုးပမ်းသွားကြ ရန် မှာကြားသည်။
ထို့နောက် Lantro(Myanmar)ကုမ္ပဏီမှ တာဝန်ရှိသူများက အမျိုးသားစာကြည့်တိုက် (နေပြည်တော်) အတွင်း ဆောင်ရွက်ထားရှိသည့် စာကြည့်တိုက်အသင်းဝင်ကတ်များနှင့် စာကြည့်တိုက် လေ့လာသူ ကတ်ပြား ထုတ်ပေးသည့်စနစ်ကိုလည်းကောင်း၊ စာကြည့်တိုက်အတွင်းရှိ စာဖတ်ခန်းများ တည်နေရာနှင့် ၎င်းတို့၏ အချက်အလက်များကို ပြသသည့် Digital Signage ကိုလည်းကောင်း၊ စာကြည့်တိုက်အချက် အလက်များ၊ စာအုပ်များ၏ အချက်အလက်များကို ပြသသည့် Smart wall ကိုလည်းကောင်း Data Center တည်ဆောက်ထားမှုကိုလည်းကောင်း ရှင်းလင်းပြသပြီး စာဖတ်ခန်းအတွင်း OPAC (Online Public Access Catalogue) ရှာဖွေခြင်းလုပ်ငန်း၊ e Resource ဖတ်ရှုနိုင်ခြင်း၊ RFID Gate များ အလုပ်လုပ်ပုံ၊ Self check machine ဖြင့် စာအုပ်ငှားရမ်းခြင်းလုပ်ငန်းများကို ကုမ္ပဏီမှ တာဝန်ရှိ သူများက အသေးစိတ်လိုက်လံရှင်းလင်းပြသပေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


