ကျောက်ဆည်၊ ၁၃ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကုလကျေးရွာတွင် ဘူးပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိပြီး စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ဘူးပင်များ စိုက်ပျိုးမည်ဆိုပါက ထယ်ရေးညက်ညက်တွင် သဘာဝမြေဩဇာဖြစ်သည့် နွားချေးနှင့် မြေအားပြုပြင်ထားပြီး တစ်ပင်နှင့် တစ်ပင် (၃)ပေ၊ တစ်တန်းနှင့် တစ်တန်း (၁၈)ပေခြားကာ စိုက်ပျိုးမှသာ လေဝင်လေထွက်ကောင်းပြီး နေရောင်ခြည်ကောင်းစွာရရှိ၍ အထွက်နှုန်းကောင်းကြောင်း သိရသည်။
ဘူးပင်များစိုက်ပျိုးမည်ဆိုပါက အသေအပျောက်မရှိစေရန်အတွက် အစေ့များအား အညှောက်ဖောက်ပြီးမှသာ စိုက်ပျိုးရကြောင်း၊ ဘူးတစ်ဧက စိုက်ပျိုးမည်ဆိုပါက အပင်အရေအတွက် (၁)ထောင်ခန့် ဝင်ဆန့်ကြောင်း၊ စတင်စိုက်ပျိုးပြီး (၄၅)ရက်တွင် ဘူးသီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ ရောင်းဈေးအနေဖြင့် ဘူးသီးတစ်လုံးအား ငွေကျပ် (၃၀၀)ရာမှ (၅၀၀)ကျပ်အထိ အမျိုးမျိုးရှိပြီး (၂)လခန့်အထိ ခူးဆွတ်ရောင်းချရကြောင်း ဘူးစိုက်ပျိုးရောင်းချသူ ကုလကျေးရွာမှ တောင်သူဦးမျိုးမြင့်က ပြောပြသည်။
ဘူးပင်သည် ရေကြိုက်နှစ်သက်သည့် အပင်တစ်မျိုးဖြစ်သောကြောင့် မြေအစိုဓာတ်ရှိစေရေး ရေတင်ပေးခြင်းများ ပြုလုပ်ပေးရကြောင်း၊ ဘူးတစ်ဧက စိုက်ပျိုးထားပါက ဘူးသီးများအား တစ်ရက်ခြား ခူးဆွတ်ရောင်းချနေရပြီး နေ့စဉ်ဝင်ငွေရရှိသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေသောကြောင့် စိုက်သင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)


