ငါးသိုင်းချောင်း၊ ၁၃ ဒီဇင်ဘာ

 

ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့ သရက်ချောင်းကျေးရွာအုပ်စု၊ သရက်ချောင်းအလယ်စုကျေးရွာ၌ ဒီဇင်ဘာ ၁၂ ရက် ည ၁၀ နာရီက ငဝန်မြစ်ကမ်းပါးပြိုကျမှုကြောင့် မြစ်ကမ်းပါးရှိ နေအိမ်နှစ်လုံးမှ (သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာ) နွားတင်းကုပ် (၂)လုံး မြစ်ထဲသို့ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် အဆိုပါနေရာရှိ ကမ်းပြိုအန္တရာယ်နှင့် နီးစပ်သော သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း နေအိမ်(၃)လုံးနှင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ်(၂)လုံး စုစုပေါင်းနေအိမ် (၅)လုံး၊ အိမ်ထောင်စု (၅)စု၊ လူဦးရေ (၂၀)ကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆောင်သော ရွာသူ၊ ရွာသားများ စုပေါင်း၍ ဘေးလွတ်ရာနေရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြသည်။ ဆက်လက်၍ နေအိမ်များ အချိန်မီပြောင်းရွှေ့ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ လက်ရှိအခြေအနေတွင် အဆိုပါ ကမ်းပြိုမှုဖြစ်စဉ်ကြောင့် လူနှင့် တိရစ္ဆာန် အသက်အန္တရာယ် ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် ပြောင်းရွှေ့မိသားစုဝင်များကို ၎င်းတို့ပိုင်ဆိုင်သည့် ခြံဝန်းအလွတ်ထဲသို့ နေရာချထားပြီး သက်ဆိုင်ရာဌာနအဆင့်ဆင့်သို့ သတင်းပေးပို့ခြင်း၊ ကမ်းပြိုအန္တရာယ်ကို အဆက်မပြတ် စောင့်ကြပ်ကြည့်ရှုခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

စိုးမင်းဦး(ပြန်/ဆက်)