မုံရွာ၊ ၁၃ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် ဆီထွက်သီးနှံ (၁၁၉၄၆၃၇)ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၀)ခုနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဆီထွက်သီးနှံများကို ဆောင်းသီးနှံစိုက်ပျိုးချိန် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ပြီးစီးမှုအနေဖြင့် မြေပဲ (၄၀၉၀၅၇)ဧက၊ နှမ်း (၅၃၃၈၄၉)ဧက၊ နေကြာ(၁၆၉၄၁၈)ဧက၊ ပန်းနှမ်း (၆၀၆၀၀)ဧကနှင့် မုံညှင်း (၂၁၇၁၃) ဧကအား နိုဝင်ဘာလကုန်အထိ စိုက်ပျိုးပြီးစီးပြီ ဖြစ်သည်။
“စစ်ကိုင်းတိုင်းဒေသကြီးက စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်တဲ့ တိုင်းဒေသကြီး ဖြစ်တာနဲ့အညီ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံတွေကို အများဆုံး စိုက်ပျိုးထုတ်လုပ်တယ်၊ အခု ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်မှာလည်း ဆီထွက်သီးနှံကို လျာထားချက်ပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ ဒေသခံတောင်သူတွေနဲ့ စိုက်ပျိုးရေးဝန်ထမ်းတွေ ပူးပေါင်းပြီး ကြိုးစားအားထုတ်နေပါတယ်၊ ဆီထွက်သီးနှံတွေကို (၁၁)လပိုင်းကုန်အထိ ဧက(၁၁)သိန်းကျော် စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။
ဆီထွက်သီးနှံအစုံ စိုက်ပျိုးပြီးစီးမှူးအနေဖြင့် ကလေးခရိုင်အတွင်း (၆၁၃၃၈)ဧကအား လည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်း (၁၄၈၉၆၄)ဧကအား လည်းကောင်း၊ မုံရွာခရိုင်အတွင်း (၁၁၄၆၉၃)ဧကအား လည်းကောင်း၊ စစ်ကိုင်းခရိုင်အတွင်း (၂၀၄၀၁၈)ဧကအား လည်းကောင်း၊ ရွှေဘိုခရိုင်အတွင်း (၂၅၈၃၆၃)ဧကအား လည်းကောင်း၊ ကန့်ဘလူခရိုင်အတွင်း (၂၀၉၅၀၂)ဧကအား လည်းကောင်း၊ မော်လိုက်ခရိုင်အတွင်း (၂၃၀၆၅)ဧကအား လည်းကောင်း၊ ကသာခရိုင်အတွင်း (၁၅၈၅၆၅)ဧကအား လည်းကောင်း၊ တမူးခရိုင်အတွင်း (၁၁၂၆၁)ဧကအား လည်းကောင်း၊ ခန္တီးခရိုင်အတွင်း (၃၇၆၀)ဧကအား လည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း (၁၁၀၈)ဧကအား လည်းကောင်း စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


