မကွေး၊ ၁၃ ဒီဇင်ဘာ
ကပ်ရောဂါကာကွယ်ရေးအတွက် ရန်ကုန်မြို့သို့ တစ်လကြာ သွားရောက်တာဝန်ထမ်းဆောင်ခဲ့ကြသည့် မကွေးတိုင်းအတွင်း မြို့နယ်အသီးသီးရှိ ကြက်ခြေနီတပ်ဖွဲ့ဝင် (၃၉)ဦးထဲမှ ၂ ဦးမှာ ကိုဗစ်ကူးစက်ခံရပြီး ကျန် ၃၇ ဦးကို ယနေ့ ဒီဇင်ဘာ ၁၃ ရက် နေ့လယ်ပိုင်း၌ Swab ဓါတ်ခွဲနမူနာများ ရယူခဲ့ကြောင်း တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့က သိရသည်။
ကိုဗစ်ပိုးကူးစက်ခံခဲ့ရသူ ၂ ဦးမှာ လတ်တလောအခြေအနေအရ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး အခြား ကြက်ခြေနီတပ်ဖွဲ့ဝင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ အစီအစဉ်ဖြင့် Quarantine ထားရှိရာ မကွေး၊ ကွန်ပျူတာတက္ကသိုလ်၌ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
“ရွေးကောက်ပွဲနေ့ (နိုဝင်ဘာ ၈ ရက်)မှာ ကြက်ခြေနီတပ်ဖွဲ့ဝင် ၃၉ ဦး မကွေးကနေ ထွက်ခွာပါတယ်။ ၉ ရက်နေ့မှာ ရန်ကုန်ကိုရောက်ပြီး လှိုင်စင်တာမှာ ၂၉ ဦး၊ မြတ်လေးဆောင်မှာ ၁၀ ဦး တာဝန်ကျပါတယ်။ မြတ်လေးဆောင်ထဲက တာဝန်ကျဆရာဝန်တွေထဲက ပိုးတွေ့သူရှိတဲ့အတွက် ကြက်ခြေနီတွေကိုပါ စစ်လိုက်တော့ တစ်ယောက်ပိုးတွေ့ခဲ့တာပါ။ မကွေးကို ပြန်လာတဲ့ ၃၈ ယောက်ထဲက တစ်ယောက်က ဒီဇင်ဘာ ၁၀ ရက်နေ့မှာရောက်ပြီး နောက်ရက်မှာ အနံ့ပျောက်တယ်။ တိုင်းဆေးရုံကြီးကိုပို့ပြီး စစ်လိုက်တော့ ၁၂ ရက်နေ့မှာ ကိုဗစ်ပိုးတွေ့တယ်လို့ အဖြေထွက်ခဲ့ပါတယ်” ဟု တိုင်းကြက်ခြေနီတပ်ဖွဲ့ အုပ်ချုပ်ရေးအရာရှိ ဦးညီညီဇေက ပြောသည်။
ရန်ကုန်တိုင်း၊ လှိုင်စင်တာတွင် ကိုဗစ်ပိုးတွေ့ပြီး ကုသမှုခံယူရန်ကျန်ရှိခဲ့သည့် အမျိုးသားမှာ ကျန်းမာရေး ကောင်းမွန်သဖြင့် ကြက်ခြေနီရုံးချုပ်၏ အစီအစဉ်ဖြင့် တောင်တွင်းကြီးမြို့ရှိ နေအိမ်သို့ ပို့ဆောင်ပေးတော့မည်ဖြစ်ကြောင်း၊ ယခု ဓါတ်ခွဲနမူနာယူခဲ့သူများကိုလည်း အခြေအနေပေါ်မူတည်၍ သက်ဆိုင်ရာမြို့နယ်များတွင် Quarantine ထားရန် စီစဉ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်၍ ပြောသည်။
တိုင်းအစိုးရကပေးသည့် တစ်ဦးချင်းထောက်ပံ့ငွေ ၂ သိန်းကျပ်ကို ကြက်ခြေနီတပ်ဖွဲ့ဝင်အားလုံးကို ထောက်ပံ့ပေးမည်ဖြစ်ပြီး ပိုးကူးစက်ခံရသူများကို ကိုဗစ်ကျန်းမာရေးအာမခံကြေးနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ထောက်ပံ့မည့် ဆေးကုသစရိတ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း တိုင်းကြက်ခြေနီတပ်ဖွဲ့ တာဝန်ရှိသူထံက သိရှိရသည်။
မကွေးတိုင်းဒေသကြီးတွင် လတ်တလော ကိုဗစ်လူနာအရေအတွက် ၁၈၂၇ ဦးရှိနေပြီး ဒေသတွင်း ကူးစက်ခံရမှု များပြားလာမှုနှင့်အတူ ပြည်သူများကို ကာကွယ်ကုသရင်း ကိုဗစ်ပိုးကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်း ၃၄ ဦး ရှိနေပြီဖြစ်ကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။
ဇေယျတု(မကွေး)


