ရမ်းဗြဲ၊ ၁၃ ဒီဇင်ဘာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် ထပ်မံဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာသုံးရွာအား စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ အဆင့်ဆင့် ဖွဲ့စည်းခြင်းတို့ကို ဒီဇင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယခုနှစ်တွင် မြစိမ်းရောင် ကျေးရွာစီမံကိန်းအဖြစ် ချောင်းနယ်ကျေးရွာ၊ ကျက်သရေကျေးရွာနှင့် အနောက်ရွာကျေးရွာတို့အား တိုးချဲ့ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။  အဆိုပါကျေးရွာ သုံးရွာတွင် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း(၃၀၀)စီ မတည်ရန်ပုံငွေပေးသွားမည်ဖြစ်ကာ ၎င်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ သက်မွေးဝမ်းကျောင်း၊ အရောင်းအဝယ် စသည့်လုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)