ရန်ကုန်၊ ၁၃ ဒီဇင်ဘာ
ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲရေးအတွက် လေကြောင်းလိုင်းများ အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဉီးစီးဌာနမှ အကြောင်းကြားစာများ ပေးပို့ထားကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုအရ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဉီးစီးဌာနမှ ပြည်တွင်းလေကြောင်းလိုင်းများနှင့် လေဆိပ်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်မည့် လေကြောင်း လိုင်းဝန်ထမ်းများ၊ လေဆိပ်ဝန်ထမ်းများနှင့် ခရီးသည်များ လိုက်နာရမည့် စံသတ်မှတ်ချက်များနှင့်အညီ ဒီဇင်ဘာ ၁၆ ရက်နေ့မှစတင်၍ ပြည်တွင်းပုံမှန် လေကြောင်းခရီးစဉ်များ ပျံသန်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် အသိပေး အကြောင်းကြားထားကြောင်း သိရသည်။
ပြည်တွင်းပုံမှန် လေကြောင်းခရီးစဉ်များ ပျံသန်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများနှင့် ပတ်သက်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား စီမံခန့်ခွဲလျက်ရှိသည် ရန်ကုန်အေရိုဒရုန်း ကုမ္ပဏီလီမိတက်မှ အကြီးတန်းအရာရှိ မယုနိုင်ထွေးက “လေကြောင်းလိုင်းတွေ ပြန်လည်ပြေးဆွဲမယ့် အကြောင်းအရာနဲ့ ပတ်သက်ပြီး အသေးစိတ်ကို မနက်ဖြန်နောက်ဆုံးထားပြီး ထုတ်ပြန်ပေးသွားမှာပါ။ လေကြောင်းလိုင်းတွေ ပြန်လည်ပြေးဆွဲတော့မယ်ဆိုရင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်လာမယ့် လုပ်ထုံးလုပ်နည်းတွေကိုသာမက Airports Council International က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုပါ လိုက်နာဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။
ပြည်တွင်းလေကြောင်းခရီးစဉ်များ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြန်လည်စတင် ပျံသန်းနိုင်ရေးအတွက် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ သတင်းထုတ်ပြန်ထားပြီး ဒီဇင်ဘာလအတွင်း ပျံသန်းပြေးဆွဲမည့် ခရီးစဉ်နှင့်ရက်များကို ကြေညာထားကြောင်း သိရသည်။ မန်းရတနာပုံ လေကြောင်းလိုင်းအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ပေးမည့် ညွှန်ကြားချက်များကို စောင့်ဆိုင်းနေကြောင်း သိရသည်။
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဉီးစီးဌာနအနေဖြင့် ပြည်တွင်းလေကြောင်းလိုင်းများဖြစ်သော မြန်မာအမျိုးသားလေကြောင်းလိုင်း၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း၊ အဲသံလွင်လီမိတက်၊ အဲကေဘီဇက် လီမိတက်၊ ရွှေမြန်မာလေကြောင်းလိုင်းနှင့် မန်းရတနာပုံ လေကြောင်းလိုင်းတို့အား ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် အသိပေးအကြောင်းကြားမှုများ ပြုလုပ်ထားကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)
ဓာတ်ပုံ - အာကာစိုး


