ပခုက္ကူ၊  ၁၃  ဒီဇင်ဘာ

ရေစကြိုမြို့နယ်အတွင်း လျှပ်စစ်မြစ်ရေတင်များမှ စိုက်ပျိုးဧက တိုးချဲ့ရေပေးဝေနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၃ ရက် နံနက် ၈ နာရီခွဲအချိန်က ပခန်းကြီးကျေးရွာအုပ်စု၊ ရွာသာကျေးရွာကွင်းအတွင်း စိုက်ပျိုးမြေဧက တိုးချဲ့ရေပေးဝေနိုင်ရေး၊ ချစ်သူလျှပ်စစ်မြစ်ရေတင်၊ မြောင်းလက်တံ တိုးချဲ့ဆောင်ရွက်မည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုသည်။

 

တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးနှင့်အဖွဲ့သည် ချစ်သူလျှပ်စစ်မြစ်ရေတင်မြောင်း လက်တံ တိုးချဲ့ဆောင်ရွက်မည့် အခြေအနေကို ကြည့်ရှုပြီးနောက် ပေကုန်းကျေးရွာအုပ်စု၊ ပညှင်းကွင်းအတွင်း စိုက်ပျိုးဧကများ တိုးချဲ့ရေပေးဝေ နိုင်ရေးအတွက် ရွှေချောင်း လျှပ်စစ်မြစ်ရေတင်မြောင်းလက်တံ တိုးချဲ့ ဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း၊ ဝါယာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းနှင့် မင်းရွာလျှပ်စစ်မြစ်ရေတင် လုပ်ငန်းတို့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို လည်းကောင်း၊ ဝါယာကျေးရွာအုပ်စု၊ လက်ပံပင်ကျေးရွာ၌ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက ကိုရီးယားသမ္မတနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာန၊ စွမ်းအားမြှင့် မီးဖိုဖြန့်ဖြူးရေး စီမံကိန်း ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သော လက်ပံပင်ကျေးရွာသစ် လှုပ်ရှားမှုစံပြကျေးရွာ စီမံကိန်း ဆောင်ရွက်နေမှုနှင့် ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီးဝန်ကြီးအား တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှူး (ရေအရင်းအမြစ်) ဦးသိန်းချို၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှူး (ဆည်မြောင်း) ဦးသောင်းထိုက်၊ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာန  ဦးစီးမှူး ဦးလင်းမြတ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

ကိုဇော်(ပြန်/ဆက်)